‘ဝ’ အမျိုးသားပါတီက ‘ဝ’ ဒေသများနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်

‘ဝ’ အမျိုးသားပါတီက ‘ဝ’ ဒေသများနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်
ဇူလိုင် 21, 2020
By Tachileik News Agency
‘ဝ’ အမျိုးသားပါတီက  ‘ဝ’ ဒေသများနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်

'ဝ' နိုင်ငံရေးပါတီ (၃)ခုကိုပေါင်းလိုက်သည့် 'ဝ' အမျိုးသားပါတီက ၂၀၂၀ ရွေးကောက်ပွဲတွင် ‘ဝ’ ဒေသများနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ အခုလောလောဆယ်ကတော့ ဗဟိုရုံးတစ်ခုကို အားပြုပြီးတော့ အရှေ့ရှမ်းဒေသကို  လှုပ်ရှားဖို့ပေါ့။ အခြားမြို့နယ်တွေက COVID ကာလနဲ့ဆိုတော့ အခက်အခဲရှိသေးတယ်။ မစဉ်းစားရသေးဘူးပေါ့။ ကျွန်တော်တို့က အဓိကဗဟိုရုံးခွဲ (၃) ခုပေါ့။ ကျွန်တော်တို့ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ (၁) ခု၊ လားရှိုးမှာ (၁) ခု၊ ကျိုင်းတုံမှာ (၁) ခုပေါ့။ အခုလောလောဆယ်တော့ ကျွန်တော်တို့ဘာမှ မရှိသေးဘူး။ ကျွန်တော်တို့ နိုင်ငံရေးအတွေ့အကြုံပေါ်မူတည်ပြီး အချို့ကိုစဉ်းစားရမှာပေါ့

ဟု 'ဝ' အမျိုးသားပါတီ ဥက္ကဌ ဦးဆိုင်ပေါင်းနပ်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့၌ ပြောသည်။

‘ဝ’ ဒေသအတွင်းရှိ မြို့နယ်(၆)ခုအနက် ဟိုပန်နှင့် မက်မန်းမှလွဲ၍ ကျန် (၄)မြို့နယ်ဖြစ်သည့် မိုင်းမော၊ ပန်ဝိုင်၊ နားဖန်းနှင့် ပန်ဆန်းတို့တွင် ယခင်က ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိသော်လည်း ယခုနှစ်တွင် ကျင်းပနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က UWSA တို့ ညှိနှိုင်းမှုများ ပြုလုပ်နေရာ အဆိုပါ နယ်မြေများနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းနယ်မြေတို့မှ ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိကြောင်း သိရသည်။

နိုင်ငံတော်ရဲ့ သတ်မှတ်ချက်ပေါ်မှာမူတည်ပြီးလှုပ်ရှားသွားမယ်လေ။ ‘ဝ’ (၆) မြို့နယ်စလုံးက ရွေးကောက်ပွဲ ကျင်းပနိုင်၊ မကျင်းပနိုင် ကော်မရှင်ကလည်း တစ်စုံတစ်ရာကြေညာထားခြင်းမရှိသေးဘူးလေ။ သူတို့မဲဆန္ဒနယ်အနေနဲ့ ပြောထားတယ်။ အရင်အချိန်က အတွေ့အကြုံအရဆိုရင် (၄) မြို့နယ်က ရွေးကောက်ပွဲက မဆောင်ရွက်နိုင်ခဲ့ဘူးလေ။ လုံခြုံရေးသဘောအရပဲဖြစ်ဖြစ်၊ အခြားအခြေအနေအရကြောင့်ပဲဖြစ်ဖြစ် မဆောင်ရွက်ခဲ့ဘူး။ အခုကျွန်တော်တို့က ဒီဟာကိုစောင့်ကြည့်နေတယ်။ ရှမ်းအရှေ့ပိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်တွေရှိတယ်။ ကျွန်တော်တို့အားလုံးကိုတော့ မဝင်နိုင်သေးဘူးလေ။ အဖက်ဖက်က အခြေအနေကြောင့်ပေါ့။ ကျွန်တော်တို့ပါတီစည်းရုံးရေးကိစ္စ မလုပ်ဆောင်နိုင်သေးဘူးလေ။ COVID အခြေအနေကြောင့် 

ဟု 'ဝ' အမျိုးသားပါတီ ဥက္ကဌ ဦးဆိုင်ပေါင်းနပ်က ပြောသည်။

 ‘ဝ’ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ ‘ဝ’ ဒီမိုကရက်တစ်ပါတီနှင့် ‘ဝ’ လစ်ဘရယ်ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီတို့ကို ပူးပေါင်းလိုက်သည့် ‘ဝ’ အမျိုးသားပါတီကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~