တာချီလိတ်မှ ထိုင်းနိုင်ငံဘက် ကျောင်းတက်နေသူများ နယ်စပ်ဖြတ်ကျော်ခွင့် နှင့် ထိုင်းကျောင်းများတွင် ကျောင်းအပ်ခွင့် နှစ်နိုင်ငံအစိုးရများထံ တင်ပြမည်

တာချီလိတ်မှ ထိုင်းနိုင်ငံဘက် ကျောင်းတက်နေသူများ နယ်စပ်ဖြတ်ကျော်ခွင့် နှင့် ထိုင်းကျောင်းများတွင် ကျောင်းအပ်ခွင့် နှစ်နိုင်ငံအစိုးရများထံ တင်ပြမည်
ဇူလိုင် 1, 2020
By Tachileik News Agency
တာချီလိတ်မှ ထိုင်းနိုင်ငံဘက် ကျောင်းတက်နေသူများ နယ်စပ်ဖြတ်ကျော်ခွင့် နှင့် ထိုင်းကျောင်းများတွင် ကျောင်းအပ်ခွင့် နှစ်နိုင်ငံအစိုးရများထံ တင်ပြမည်

မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မှ အခြေခံပညာ ကျောင်းသူ ကျောင်းသားများ နယ်စပ်ဖြတ်၍ ထိုင်းနိုင်ငံဘက် ကျောင်းသွားတက်ရန် မြန်မာနိုင်ငံဘက်မှ ခွင့်ပြုနိုင်ရေးနှင့် ထိုင်းနိုင်ငံဘက်မှ လက်ခံနိုင်ရေးကို နှစ်နိုင်ငံ ခရိုင်အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ အစိုးရများထံ တင်ပြနိုင်ရေး ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်တွင် အခြေခံပညာကျောင်းများ ဇူလိုင်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်နေပြီဖြစ်၍ တာချီလိတ်ဘက်မှ မယ်ဆိုင်ဘက်သို့ ကျောင်းတက်နေသည့် ကျောင်းသူ ကျောင်းသားများကို နယ်စပ်ဖြတ်သန်းကျောင်းတက်ခွင့်နှင့် ထိုင်းဘက်ကလည်း COVID 19 ထိန်းချုပ်ရေးအစီအစဉ်များဖြင့် ကျောင်းသူကျောင်းသားများ လက်ခံနိုင်မည့် အနေအထားတို့ကို တာချီလိတ်နှင့် ချင်းရိုင်း ခရိုင်အုပ်ချုပ်ရေးမှူးတို့ အလွတ်သဘောဆွေးနွေးပြီးနောက် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ကျောင်းသားမိဘများအား ရှင်းလင်းဆွေးနွေးမှု ပြုလုပ်သည်။

ထိုင်းဘက်မှာ ကျောင်းသွားတက်ချင်ရင် မြန်မာနိုင်ငံဘက်က ကျောင်းသားမိဘတွေ၊ ကျောင်းသားတွေ ကျွန်တော်တို့ နိုင်ငံဘက်မှာ ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးတဲ့ COVID ရောဂါကူးစက်မှုကင်းရှင်းကြောင်း ပထမတစ်ချက် လိုအပ်ပါလိမ့်မယ်။ ကျန်းမာရေးစစ်ဆေးမှု အဆင်ပြေရင် လူစာရင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ပြမှာဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံကို ရာနဲ့ချီတဲ့ကျောင်းသားတွေ၊ မိဘတွေ သွားပြီးကျောင်းတက်ခွင့်ပြုဖို့ တင်ပြရမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကနေထပ်ဆင့် ပြည်ထောင်စုကိုတင်ပြလို့ တရားဝင်နယ်စပ်ဖြတ်သန်းခွင့်ရမယ်ဆိုရင် ထိုင်းနိုင်ငံကို သွားပြီးလွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုချက်ရမှ လုပ်နိုင်မှာဖြစ်ပါတယ်

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးတို့ ၂၀၂၀ ခုနှစ် ဇွန်လ (၃၀) ရက်နေ့ကတယ်လီဖုန်းဖြင့် အလွှတ်သဘောတွေ့ဆုံဆွေးနွေးရာတွင် ထိုင်းနိုင်ငံအနေဖြင့် COVID-19 ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရေး အစီအစဉ်များဖြင့် အခြေခံပညာစာသင်ကျောင်းများကို ဇူလိုင်လ (၁) ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော်လည်း ပုံမှန်သင်ကြားမှု မလုပ်နိုင်သေး၍ လတ်တလောတွင် မြန်မာကျောင်းသားများကို လက်ခံနိုင်ခြင်းမရှိသေးကြောင်းနှင့် တရားဝင်တံတားဖွင့်လှစ်ပြီးမှသာ ကျောင်းအပ်မှုများ လုပ်ဆောင်ရန် ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးက မေတ္တာရပ်ခံထားကြောင်း သိရသည်။

နှစ်စဉ် မယ်ဆိုင်ဘက်တွင် ကျောင်းတက်နေသည့် မြန်မာကျောင်းသူ ကျောင်းသားများအား COVID-19 ကူးစက်ခံရခြင်း မရှိကြောင်း ကျန်းမာရေးထောက်ခံချက်ဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် လာရောက်နေထိုင် ကျောင်းတက်နိုင်သူများအား လက်ခံနိုင်မည့်အခြေအနေကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးကဆွေးနွေးထားမှုကို ထိုင်းနိုင်ငံအစိုးရအဖွဲ့သို့ တင်ပြပေးမည်ဟု အကြောင်းပြန်ကြားထားကြောင်း သိရသည်။       
  

လက်ရှိ နှစ်နိုင်ငံနယ်စပ်တွေ ပိတ်ထားတယ်။ ကူးသန်းခွင့် မရသေးတဲ့အတွက် ကျောင်းတက်ဖို့ဆိုတာ လောလောဆယ် မဖြစ်နိုင်သေးပါဘူး။ ကျွန်တော်တို့ နိုင်ငံတော်အချင်းချင်း ညှိနှိုင်းတိုင်ပင်ပြီးမှပဲ မြန်မာကျောင်းသားတွေ ကျောင်းတက်ခွင့်ဖြစ်လာမှာပါ။ ဒါကြောင့် တရားဝင်ဆောင်ရွက်တဲ့အချိန် ညှိနှိုင်းတဲ့အချိန်အထိ သည်းခံစောင့်ဆိုင်းပေးဖို့ ကျောင်းသားမိဘတွေကိုမေတ္တာရပ်ခံချင်ပါတယ်

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ကျောင်းသားမိဘများကို ပြောသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မှ အခြေခံပညာ ကျောင်းသူကျောင်းသားများကို ထိုင်းနိုင်ငံဘက်တွင် ကျောင်းအပ်လေ့ရှိရာ ယခုနှစ်တွင် COVID 19 ကြောင့် နယ်စပ်တံတားပိတ်ထား၍ ကျောင်းတက်ရန် အခက်အခဲဖြစ်နေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် အခြေခံပညာကျောင်းများကို ဇူလိုင်လ (၁)ရက်နေ့မှ စတင်ဖွင့်လှစ်နေပြီး မြန်မာနိုင်ငံတွင် ဇူလိုင်လ (၂၃) ရက်နေ့မှစ၍ အခြေခံပညာ အထက်တန်းအဆင့်များစတင်ဖွင့်လှစ်မည်ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~