ထိုင်းနိုင်ငံဘက်သို့ ခိုးဝင်သည့် မြန်မာလုပ်သားများ ရေရှည်အလုပ်အကိုင်အခက်အခဲဖြစ်နိုင်၍ သည်းခံစောင့်ဆိုင်းကြရန် မြန်မာအလုပ်သမား သံအရာရှိ သတိပေး

ထိုင်းနိုင်ငံဘက်သို့ ခိုးဝင်သည့် မြန်မာလုပ်သားများ ရေရှည်အလုပ်အကိုင်အခက်အခဲဖြစ်နိုင်၍ သည်းခံစောင့်ဆိုင်းကြရန် မြန်မာအလုပ်သမား သံအရာရှိ သတိပေး
ဇူလိုင် 9, 2020
By Tachileik News Agency
ထိုင်းနိုင်ငံဘက်သို့ ခိုးဝင်သည့် မြန်မာလုပ်သားများ ရေရှည်အလုပ်အကိုင်အခက်အခဲဖြစ်နိုင်၍ သည်းခံစောင့်ဆိုင်းကြရန် မြန်မာအလုပ်သမား သံအရာရှိ သတိပေး

COVID 19 ကာကွယ်ရေးအတွက် ထိုင်းနိုင်ငံက နယ်စပ်ဂိတ်များ ပိတ်ထားစဉ်ကာလအတွင်း နယ်စပ်မှ ခိုးဝင်မှုများကြောင့် ဖမ်းဆီးခံရပါက မြန်မာလုပ်သားများအနေဖြင့် နောင်တွင် ထိုင်းနိုင်ငံတွင်း ဝင်ထွက် အလုပ်လုပ်ကိုင်မှု၌ အခက်အခဲဖြစ်နိုင်၍ သည်းခံစောင့်ဆိုင်းကြရန် မြန်မာအလုပ်သမား သံအရာရှိက သတိပေးတိုက်တွန်းလိုက်သည်။

ဘယ်လိုအခက်အခဲပဲ ရှိရှိ သူများနိုင်ငံကရောဂါကြောင့် တင်းတင်းကြပ်ကြပ် ပိတ်ပင်တားဆီးနေတဲ့ အချိန်မှာတော့ ဝင်မလာသင့်ဘူးပေါ့။ နယ်စပ်တွေမှာလည်းပိုပြီး အင်အားတွေချထားတာတွေရှိတယ်။ ခြံစည်းရိုးတွေလည်း သေချာတောင့်တောင့်တင်းတင်းလုပ်နေတယ်ဆိုတော့ ဝင်လာပြီးအဖမ်းခံရရင်တော့ ဒီကာလလေးတောင့်မခံနိုင်ရင် နောက်ထိုင်းနိုင်ငံထဲ ဝင်ရထွက်ရခက်သွားမှာပေါ့

ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ မြန်မာအလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့၌ ပြောသည်။

ထိုင်းနိုင်ငံအတွင်း (၄၅) ရက် ဆက်တိုက် COVID 19 ကူးစက်မှု မတွေ့ရသော်လည်း ရာနှုန်းပြည့်  ရောဂါကင်းရှင်းသည့် အခြေအနေမဟုတ်၍ နယ်စပ်မှခိုးဝင်မှုများကြောင့် ရောဂါထိန်းချုပ်ရေးအတွက် စိုးရိမ်ရသည်ဟု ထိုင်း COVID ကော်မတီက ထုတ်ဖေါ်ပြောကြားထားပြီးနောက် မြန်မာ - ထိုင်း နယ်စပ်တစ်လျှောက် လုံခြုံကင်းလှည့်သည့်အဖွဲ့နှင့် အကြိမ်ရေတိုးလိုက်သည့်အပြင် ယခင်က လုပ်ဆောင်ခြင်းမရှိသည့် နယ်စပ်သံဆူးကြိုးကာရံခြင်းကိုပါ ထိုင်းဘက်က လုပ်ဆောင်လာသည်ကို တွေ့ရသည်။

ကျွန်တော်တို့နိုင်ငံဘက်မှာ ကူးစက်ရောဂါအတွက် ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးမှုတွေ၊ ကာကွယ်မှုတွေ၊ စောင့်ရှောက်မှုတွေလုပ်နေရတုန်းဖြစ်ပါတယ်။ ထို့အတူ တစ်ဖက်နိုင်ငံမှာလည်း ရောဂါကူးစက်မှုတွေ ရှိနေပါတယ်။ ဒါကြောင့် မလိုလားအပ်တဲ့ ဖြစ်စဉ်တွေ မဖြစ်ဖို့အတွက်ကို ကျွန်တော်တို့မြန်မာနိုင်ငံသားတွေက တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေကို မလုပ်ကြဖို့ ပြောချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံသားတွေက နိုင်ငံက ချမှတ်ထားတဲ့ဥပဒေတွေ လေးစားလိုက်နာကြဖို့ တိုက်တွန်းပြောဆိုချင်တာဖြစ်ပါတယ်

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

မြန်မာနှင့်ထိုင်း ရှည်လျားသည့် နယ်စပ်တစ်လျှောက်တွင် နယ်စပ်ဖြတ်သန်းရန် လွယ်ကူခြင်းကြောင့် နိုင်ငံအကြား ခိုးဝင်မှုများကို ထိရောက်စွာတားဆီးရန် နှစ်နိုင်ငံလုံးတွင် အခက်အခဲရှိနေခြင်းဖြစ်သည်။

မယ်ဆိုင်ချောင်းက ချောင်းလေးကလည်း ကျဉ်းတယ်။ အလျားရှည်တယ်ဆိုတော့ အချို့နေရာတွေက ဖြတ်ကူးမှုတွေရှိကောင်း ရှိနိုင်ပါတယ်။ ရှိလာရင် ထိုင်းနိုင်ငံကလည်း အရေးယူမှုတွေရှိပါတယ်။ ကျွန်တော်တို့ဘက်ကလည်း တရားမဝင်ဖြတ်ကူးပြီး ဝင်လာမှုတွေရှိရင်ဖမ်းဆီး အရေးယူမှုတွေ၊ တရားစွဲဆိုမှုတွေလုပ်ဆောင်တာရှိပါတယ်

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က  ပြောသည်။

ထိုင်းနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော်၍ တရားမဝင် ဝင်ရောက်သွားသည့် မြန်မာနိုင်ငံသားများကို ဖမ်းမိပါက ထိုင်းနိုင်ငံဘက်တွင် လဝကဥပဒေဖြင့် အရေးယူပြီး မြန်မာဘက်ပြန်လွှဲပေးနေခြင်းဖြစ်ပြီး ပြန်လွှဲပေးနေကာ မြန်မာဘက်တွင်လည်း (၂၁)ရက် အသွားအလာကန့်သတ်ခံရကာ COVID 19 ဓာတ်ခွဲစစ်ဆေးမှု ခံယူကြရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံက နယ်စပ်ဂိတ်များ ပိတ်ထားဆဲဖြစ်သော်လည်း နိုင်ငံတွင်း ရောဂါထိန်းချုပ်နိုင်မှုပေါ် မူတည်၍ အဆင့်လိုက် ဖြေလျှော့မှုများ ပြုလုပ်နေပြီး လုပ်ငန်းများ ပြန်လည်လည်ပတ်နေပြီဖြစ်ရာ မြန်မာလုပ်သားများအပါအဝင် ရွှေ့ပြောင်းလုပ်သားများကို COVID 19 ထိန်းချုပ်ရေးအစီအစဉ်များဖြင့် ပြန်လည် လက်ခံမည်ဖြစ်သည်။

 Tachileik News Agency
သတင်း -  ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~