ကာကွယ်ဆေးထိုးပြီးနောက် ဆေးရုံတက်ရပြီး သေဆုံးသွားသည့် ကလေး(၂)ဦးနှင့် ပတ်သက်၍ ကျန်းမာရေးက ကာကွယ်ဆေးကြောင့်ဟု အတည်မပြုနိုင်သေး

ကာကွယ်ဆေးထိုးပြီးနောက် ဆေးရုံတက်ရပြီး သေဆုံးသွားသည့် ကလေး(၂)ဦးနှင့် ပတ်သက်၍ ကျန်းမာရေးက ကာကွယ်ဆေးကြောင့်ဟု အတည်မပြုနိုင်သေး
ဇူလိုင် 7, 2020
By Tachileik News Agency
ကာကွယ်ဆေးထိုးပြီးနောက် ဆေးရုံတက်ရပြီး သေဆုံးသွားသည့် ကလေး(၂)ဦးနှင့် ပတ်သက်၍ ကျန်းမာရေးက ကာကွယ်ဆေးကြောင့်ဟု အတည်မပြုနိုင်သေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ အင်းဒေါင်းကျေးရွာမှ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကာကွယ်ဆေးထိုးနှံပြီး ဆေးရုံတက်ရသည့် ကလေး (၄)ဦးအနက် သေဆုံးသွားသည့် ကလေး (၂)ဦးမှာ ကာကွယ်ဆေးကြောင့် သေဆုံးရခြင်း ဟုတ်၊ မဟုတ် အတည်မပြုနိုင်သေးကြောင်း သိရသည်။

ကာကွယ်ဆေးကြောင့်ရယ်လို့တော့ ပြောလို့မရသေးပါဘူး။ မြို့နယ်ရဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲပေါ့ အဲဒီအောက်က ရွာ (၅)ရွာမှာ ကာကွယ်ဆေးထိုးနှံတဲ့ကလေးစုစုပေါင်း (၅၄)ဦးရှိပြီး ကလေးသေဆုံးတဲ့ ရွာက ကာကွယ်ဆေးထိုးနှံတဲ့ ကလေးက(၁၅)ဦးရှိခဲ့ပါတယ်။ အဲဒီ(၁၅)ဦးထဲက ဝက်သက်ဂျိုက်သိုးထိုးနှံသူ က (၇)ဦး ရှိပါတယ်။ အဲဒီ (၇)ဦးထဲက ဝမ်းပျက်တယ်၊ အန်တယ်၊ ဖျားတယ်ဆိုပြီး (၄)ဦးက ဆေးရုံလာ တက်တယ်။ အဲလိုဆေးရုံလာတက်တဲ့ ကလေး(၄)ဦးအနက်က (၂)ဦးဆုံးသွားတယ်ဆိုတာ မှန်ပေမဲ့ ဘာကြောင့် ခုလိုဖြစ်တယ်ဆိုတာ ရောဂါရာဇဝင်၊ ရောဂါလက္ခဏာတွေ စမ်းသပ်စစ်ဆေးချက်၊ ဓာတ်ခွဲ စစ်ဆေး ချက်တွေ၊ ရင်ခွဲစစ်ဆေးချက်တွေ ကို တိုင်းအဆင့်နဲ့ စစ်ဆေးနေပါတယ်။ အဲလိုစစ်ဆေးပြီးမှ ဘာကြောင့် ဆိုတာပြောနိုင်မှာပါ

ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက  တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၇) ရက်နေ့တွင် ပြောသည်။

သေဆုံးသွားသည့် ကလေးမှာ ကာကွယ်ဆေးထိုးနှံခြင်း မပြုမီက ကျန်းမာရေးကောင်းမွန်ပြီး ဝက်သက်ဂျိုက် သိုး ကာကွယ်ဆေးထိုးနှံပြီး နောက်ပိုင်းတွင်မှ အန်ခြင်း၊ ဝမ်းသွားခြင်းများဖြစ်ပွားပြီ ကာကွယ်ဆေး ထိုးပြီးနောက်တစ်နေ့ ဇူလိုင်လ(၄)ရက်နေ့တွင် သေဆုံးသွားခြင်းဖြစ်ကြာင်း မိခင်တစ်ဦးက ပြောသည်။

ကျွန်မကလေးမှာ ဘာရောဂါအခံမှ မရှိပါဘူး။ ကာကွယ်ဆေး မထိုးခင်ကလည်း ဆော့လို့ အကောင်းပါ။ လက်မောင်းတစ်ချက်၊ ပေါင်ကိုတစ်ချက် ကာကွယ်ဆေးထိုးပြီး အိမ်ပြန်ရောက်တော့ ကလေးက အန်ပြီး ဝမ်း သွားတယ်။ နောက်တစ်နေ့ မနက်ကျ ဆရာမဆီ အကျိုးအကြောင်းသွားပြောတော့ ဆေးပြား(၃)ပြားပေး လိုက်တယ်။ အဲဒီဆေးကျွေးပြီးနောက်ပိုင်း ကလေးက နှုတ်ခမ်းတွေပြာပြီး တက်သွားလို့ ပွင့်ဖြူဆေးရုံကြီးကို သွားပြတယ်။ အဲဒီကနေ မင်းဘူး ဆေးရုံ ကို လွှဲလို့ မင်းဘူးဆေးရုံရောက်ပြီး တစ်နာရီလောက်မှာ ဆုံးသွားတာ။ သေသွားတဲ့နောက်တစ်ယောက် ကလည်း ကျွန်မကလေးလိုဖြစ်ပြီး သေသွားတယ်လို့ သိရပါတယ်

ဟု မိခင်တစ်ဦးဖြစ်သည့် ဒေါ်ခင်လှိုင်းဇာခြည်က ပြောသည်။

သေဆုံးခဲ့သည့် အသက်(၁)နှစ်ခွဲအရွယ်ကလေး(၂)ဦးမှာ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးခဲ့ ခြင်းဖြစ်ပြီး ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိနေသည့် အသက်(၉)လအရွယ် ကလေး(၂)ဦးမှာ ဂျပန် ဦးနှောက်ရောင်ကာကွယ်ဆေးနှင့် ဝက်သက်ကာကွယ်ဆေး ထိုးနှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆေးရုံတက်နေသည့် ကျန်ကလေး (၂)ဦးမှာ အခြေအနေ တိုးတက်ကောင်းမွန်လျှက်ရှိကြောင်း သိရသည်။

ယေဘူယျအားဖြင့်တော့ ကာကွယ်ဆေးဆိုတာက အန္တရာယ်ကင်းပါတယ်။ တစ်ကမ္ဘာလုံးမှာလည်း ကာကွယ်ဆေးတွေက ထိုးနေရတာပါ။ ဒီကာကွယ်ဆေးတွေကြောင့်ပဲ ကလေးတွေမှာ ပြင်းထန်တဲ့ အဆုတ်ရောင်၊ ပြင်းထန်တဲ့ ဦးနှောက်ရောင်၊ ပြင်းထန်တဲ့ ပိုလီယိုရောဂါမျိုးတွေ၊ ဆုံဆို့ရောဂါ၊ ဝက်သက်ရောဂါမျိုးတွေကို ကာကွယ်နိုင်တာပါ။ ဥပမာ မနှစ်ကဆိုရင် ကျနော်တို့ မကွေးတိုင်းမှာ ဝက်သက် ရောဂါဖြစ်ပွားသူ ကလေးဦးရေ ၂၀၀/၃၀၀ လောက်ရှိခဲ့တယ်။ ၂၀၁၉ နိုဝင်ဘာလမှာ ကမ်ပိန်းထိုးပြီးတဲ့နောက် ဒီနှစ်မှာဆိုရင် (၄)ဦးလောက်ပဲရှိတော့တာကိုတွေ့ရပါတယ်

ဟု ဒေါက်တာခင်မောင်သန်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းအဆင့် စစ်ဆေးလျှက်ရှိနေပြီဖြစ်ရာ လိုအပ်ပါက ဗဟိုအဆင့်၊ နိုင်ငံတော်အဆင့်ဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မကွေးတစ်တိုင်းလုံး၌ ကာကွယ်ဆေးထိုးကလေးဦးရေ(၆၀,၀၀၀)ခန့်အထိ ရှိရာ တိကျသေချာသည့်အဖြေမထွက်မီ ထင်ယောင်ထင်မှားဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းအပေါ်တွင် ကလေး မိဘများ ရှောင်ကျဉ်လာကြပါက ပြင်းထန်ရောဂါများ၊ ကူးစက်ရောဂါများ ခံစားလာရနိုင်မည်ဖြစ်၍ သတိပြုကြရန်ကိုလည်း ဒေါက်တာခင်မောင်သန်းက သတိပေးပြောကြားထားသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~