ကယားပြည်နယ်နှင့် ထိုင်း နှစ်နိုင်ငံ နယ်စပ်ဈေးဖွင့်လှစ်မည့် အစီအစဉ်အား COVID 19 ကာလအတွင်း ခေတ္တဆိုင်းငံ့ထား

ကယားပြည်နယ်နှင့် ထိုင်း နှစ်နိုင်ငံ နယ်စပ်ဈေးဖွင့်လှစ်မည့် အစီအစဉ်အား COVID 19 ကာလအတွင်း ခေတ္တဆိုင်းငံ့ထား
ဇူလိုင် 28, 2020
By Tachileik News Agency
ကယားပြည်နယ်နှင့် ထိုင်း နှစ်နိုင်ငံ နယ်စပ်ဈေးဖွင့်လှစ်မည့် အစီအစဉ်အား  COVID 19 ကာလအတွင်း ခေတ္တဆိုင်းငံ့ထား

ကယားပြည်နယ်၊ မယ်စဲ့မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ခွန်ယွန်းမြို့တို့အကြား မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဈေး ဖွင့်လှစ်သွားမည့် အစီအစဉ်အား Covid-19 ကာလအတွင်း ခေတ္တဆိုင်းငံ့ထားကြောင်း ကယားပြည်နယ်အစိုးရထံမှသိရသည်။

ကိုဗစ်ကာလမှာ ကျွန်တော်တို့နယ်စပ်ဈေးက ယာယီပေါ့နော် ခေတ္တဆိုင်းငံ့ထားပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ဖက်ကော သူတို့ဖက်ကော  အကျိုးရှိရှိပြန်ပြီးတော့ ညှိနှိုင်းပြီးလို့ရှိရင် အဲ့ဒီနယ်စပ်ဈေးကို ကျွန်တော်တို့ဖွင့်မှာ ဖြစ်ပါတယ်

ဟု ကယားပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြောသည်။

ကယားပြည်နယ်အစိုးရအဖွဲ့၏ စတုတ္တတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲကျင်းပသည့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့က ကျင်းပစဉ် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။

ကယားပြည်နယ် မယ်စဲ့မြို့နယ်နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ခွန်ယွန်းမြို့တို့အကြား နှစ်နိုင်ငံနယ်စပ်ဈေးအား တစ်လ(၂)ကြိမ် အလှည့်ကျဖွင့်လှစ်၍ ကုန်သည်များမှ ကုန်သွယ်ရောင်းဝယ်ခြင်းများ လုပ်ဆောင်ရန် နှစ်ဖက်တာဝန်ရှိသူများမှ ၂၀၁၈ ခုနှစ် ဧပြီလအတွင်းကစ၍ အကြိုသဘောတူညီထားခဲ့ပြီး ထိုင်းနိုင်ငံဖက်မှ လမ်းပြုခြင်းလုပ်ငန်းများ ကျန်ရှိနေသောကြောင့် ယခုချိန်ထိဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အဲ့ဒီဈေးဖွင့်ရတာ ဘာဖြစ်လာမလဲဆို ကျွန်တော်တို့ဆီကအဓိက ပို့ကုန်တွေဖြစ်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ ငရုပ်သီးခြောက် အစရှိသည်တို့ပေါ့ဗျာ။ ဒါတွေမကဘူး။ ဒေသထွက်ပစ္စည်းတွေကိုလည်း ရောင်းဝယ်ဖောက်ကားနိုင်မယ်။ အဲဒီလို ရောင်းဝယ်ဖောက်ကားတဲ့ အတွက်ကြောင့် ပတ်သက်နေတဲ့ အလုပ်အကိုင် အခွင့်လမ်းတွေလည်း အသီးသီး အဆင်ပြေကြမှာဖြစ်ပါတယ်။

ဟု ကယားပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်ကပြောသည်။

မယ်စဲ့မြို့နယ် ဘီပီ(၁၃) နယ်စပ်ဂိတ်အား အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်ပေါက်အဖြစ် ဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများမှ ကြိုးပမ်းလျှက်ရှိပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍ လိုအပ်သည့် အခြေခံအဆောက်အအုံများနှင့် ဆက်စပ်လုပ်ငန်းများအတွက်ကယားပြည်နယ်ဘက်မှ ကြိုတင်ပြင်ထားပြီးဖြစ်ကြောင်း သိရသည်။

မယ်စဲ့မြို့ ဘီပီ(၁၃) နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ အခွန်ငွေ ကောက်ခံခဲ့ရာတွင် အကောက်ခွန် (၃၀.၅၉) သန်းနှင့် ကုန်သွယ်ခွန် (၂၈.၄၁)သန်း စုစုပေါင်းအခွန်ငွေ (၅၉)သန်း ကောက်ခံရရှိခဲ့ကြောင်းသိရသည်။

မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်စပ်ဈေးအားမဖွင့်လှစ်နိုင်သေးသော်လည်း ဘီပီ(၁၃) နယ်စပ်ကုန်သွယ်ရေးစခန်းမှ  မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုလုပ်ဆောင်နေပြီး ကယားပြည်နယ်မှ စိုက်ပျိုးရေး ထွက်ကုန်များ ဖြစ်သည့် ကြက်သွန်ဖြူ ၊ကြက်သွန်နီ ၊ငရုတ်သီး ၊ ပဲမျိုးစုံနှင့် ပြောင်းများတင်ပို့ပြီး ထိုင်းနိုင်ငံမှ ကော်ဖီမစ် ၊ အချိုရည်အမျိုးမျိုး ၊ အချိုမှုန့် နှင့် ဓာတ်မြေသြဇာများအား ပြန်လည်တင်သွင်းကြောင်းသိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~