တာချီလိတ်မြို့နယ် ဧဒင်ရွာအတွင်း လောင်းကစားဂိမ်းခုံများ ဖမ်းဆီး

တာချီလိတ်မြို့နယ် ဧဒင်ရွာအတွင်း လောင်းကစားဂိမ်းခုံများ ဖမ်းဆီး
ဇူလိုင် 4, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ် ဧဒင်ရွာအတွင်း လောင်းကစားဂိမ်းခုံများ ဖမ်းဆီး

နယ်စပ်ဒေသ တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ကျေးရွာတွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့ ညနေပိုင်းက လောင်းကစားဂိမ်းခုံများဖွင့်လှစ်ထားသည့် နေရာ (၂)နေရာကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးလိုက်သဖြင့် ၂၀၂၀ ခုနှစ်အတွင်း လောင်းကစားဖမ်းဆီးရမိမှု (၉)မှု ရှိပြီဖြစ်သည်။

မနေ့က ဝင်ဖမ်းတာမှာ ဆိုင်ပိုင်ရှင် အမျိုးသမီး (၂)ဦးနဲ့ လောင်းကစားလုပ်နေတဲ့ အမျိုးသား (၄)ဦး ဖမ်းမိပါတယ်

ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့  ဇူလိုင်လ (၃)ရက်နေ့၌ ပြောသည်။

ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ကျေးရွာတွင် ဇူလိုင်လ (၂)ရက်နေ့ ညနေ (၄)နာရီခွဲဝန်းကျင်က မနိုင်၏ ထမင်းဆိုင်အား ဝင်ရောက်ရှာဖွေရာ ထမင်းဆိုင်နောက်ဖက်ခန်းတွင် ငါးမန်းဂိမ်းခုံ (၄)ခုံဖွင့်ထားသည်ကို တွေ့ရသည့်အပြင် ကစားနေသည့် အမျိုးသား (၃)ဦးတို့ကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ငါးမန်းဂိမ်းခုံမှ ဆိုင်ရှင် အမျိုးသမီး (၁)ဦး၊ လောင်းကစားပြုလုပ်နေသည့် အမျိုးသား (၃)ဦးတို့ကို လောင်းကစားဂိမ်းခုံများ၊ ထိုင်းဘတ်ငွေ (၁၉၇၀)ဘတ်တို့နှင့်အတူ ဖမ်းမိကြောင်း သိရသည်။

ယင်းနောက် အဆိုပါကျေးရွာရှိ မလှလှအေး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဆိုင်ရှင်ဖြစ်သူ မလှလှအေးကို ငါးမန်းဂိမ်းခုံ စုစုပေါင်း (၄)ခုံ၊ ထိုင်းဘတ်ငွေ (၂၀၅၀)ဘတ်၊ လောင်းကစားပြုလုပ်နေသည့် အမျိုးသား (၁)ဦးတို့နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

လောင်းကစားဂိမ်းခုံများ ဖွင့်လှစ်ထားသည့် ဆိုင်ရှင် အမျိုးသမီး (၂)ဦးနှင့် လောင်းကစားပြုလုပ်သည့် အမျိုးသား (၄)ဦးတို့ကို တာချီလိတ်မြို့မရဲစခန်းတွင် လောင်းကစားဥပဒေပုဒ်မဖြင့် အရေးယူထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဇွန်လအထိ လောင်းကစားမှု (၇) မှု ဖမ်းဆီးရမိထားရာ ဇူလိုင်လဆန်း၌ (၂)မှု ထပ်တိုးလာ၍ ဇူလိုင်လ (၃)ရက်နေ့အထိ စုစုပေါင်း လောင်းကစားမှု (၉)မှု ဖမ်းမိထားခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း လောင်းကစားမှုများ ဖော်ထုတ်ဖမ်းဆီးရရှိမှု အရေအတွက်မှာ ၂၀၁၆ ခုနှစ်အတွင်း လောင်းကစားမှု (၂) မှုမှ အမျိုးသား (၁၃) ဦိးနှင့် အမျိုးသမီး (၁) ဦးကို ဂိမ်းစက် (၂) လုံး၊  မော်တော် ဆိုင်ကယ် (၂) စီး၊ မော်တော်ယာဉ် (၁) စီးနှင့် ထိုင်းဘတ်ငွေ (၈၁,၆၁၃) ဘတ်ဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် လောင်းကစားမှု (၁) မှုမှ အမျိုးသား (၁) ဦးကို ဂိမ်းစက် (၄) လုံး၊ ထိုင်းဘတ်ငွေ (၅,၁၄၀) ဘတ်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် လောင်းကစားမှုများ ဖမ်းဆီးရရှိခြင်း မရှိခဲ့ဘဲ ၂၀၁၉ ခုနှစ်တွင် လောင်းကစားမှု (၂) မှုမှ အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၂) ဦးကို ဂိမ်းစက် (၈) လုံး၊ ထိုင်းဘတ်ငွေ (၄၄,၈၃၀) ဘတ်ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ၂၀၂၀ ခုနှစ်အတွင်း ဇန်နဝါရီလမှ ဇူလိုင်လ (၃)ရက်နေ့အထိ လောင်းကစားမှု (၉) မှုကိုဖမ်းမိရာတွင် အမျိုးသား (၂၄) ဦးနှင့် အမျိုးသမီး (၈) ဦးကို ဂိမ်းစက် (၈၅) လုံး၊ မော်တော်ဆိုင်ကယ် (၃) စီး၊ ထိုင်းဘတ်ငွေ (၉၀,၆၆၅) ဘတ်တို့ဖြင့် ဖမ်းဆီးရမိခဲ့ပြီး တာချီလိတ်မြို့မရဲစခန်းတွင် လောင်းကစားဥပဒေပုဒ်မ အသီးသီးဖြင့် အမှုဖွင့်ကာ တရားရုံးတင်ထားပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~