သက်တမ်း နှစ်(၅)သန်းကျော် ရှိသည်ဟု ခန့်မှန်းထားသည့် ကျောက်ဖြစ်ရုပ်ကြွင်းကို မိချောင်းဦးခေါင်းအဖြစ် သတ်မှတ်ထားပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်နေ

သက်တမ်း နှစ်(၅)သန်းကျော် ရှိသည်ဟု ခန့်မှန်းထားသည့် ကျောက်ဖြစ်ရုပ်ကြွင်းကို မိချောင်းဦးခေါင်းအဖြစ် သတ်မှတ်ထားပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်နေ
ဇူလိုင် 9, 2020
By Tachileik News Agency
သက်တမ်း နှစ်(၅)သန်းကျော် ရှိသည်ဟု ခန့်မှန်းထားသည့် ကျောက်ဖြစ်ရုပ်ကြွင်းကို မိချောင်းဦးခေါင်းအဖြစ် သတ်မှတ်ထားပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်နေ  

ရေနံချောင်းမြို့နယ်အတွင်း တွေ့ရသည့် ကျောက်ဖြစ်ရုပ်ကြွင်းမှာ နှစ်(၅)သန်း သို့မဟုတ် (၆)သန်း သက်တမ်း ရှိသော ရေချို မိကျောင်းတစ်ကောင်၏ ဦးခေါင်းပိုင်းဖြစ်နိုင်ပြီး အသေးစိတ် ခွဲခြမ်းစိတ်ဖြာမှုများကို ဆက်လက် ပြုလုပ်ရန် လိုအပ်နေသေးကြောင်း  မကွေးတက္ကသိုလ်ဘူမိဗေဒဌာနမှ သိရသည်။

အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်းကို မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်း တွင်းကုန်းရပ်ကွက်၏ အနောက်မြောက်ဘက်ရှိ ရေနံမြေလုံခြုံရေးဂိတ် (၃၀၄၅) အနီး ရိုးချောင်းအတွင်းမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်း ကျောက်ဖြစ်ရုပ်ကြွင်းကို ဇူလိုင်လ(၇)ရက် နံနက်ပိုင်းတွင် မကွေးတက္ကသိုလ် ဘူမိဗေဒဌာနမှ တွဲဖက် ပါမောက္ခ ဦးဝင်းလွင်သိန်း၊  တွဲဘက်ပါမောက္ခ ဒေါက်တာပိုင်စိုး၊ ကထိက ဒေါက်တာခင်မျိုးထွန်း၊ လက် ထောက်ကထိက ဦးအောင်မျိုးဆွေ၊ ရေနံချောင်းဒီဂရီကောလိပ်မှ ကထိက ဒေါ်မာလွင်၊ မကွေးတိုင်းဒေသ ကြီး ရှေးဟောင်းသုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်းနှင့်အဖွဲ့၊ ရေနံချောင်းမြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့၊ ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ အင်အား(၅၀)ခန့်ဖြင့် အဆိုပါရုပ် ကြွင်းအား မကျိုးမပဲ့ မပျက်စီးစေရန် အထူးဂရုစိုက် တူးဖေါ်၍ လတ်တလော မကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသန ဌာနတွင် ထိန်းသိမ်းထားရှိကြောင်း သိရသည်။

မိကျောင်းခေါင်းပုံ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုလို့ ကနဦး သုံးသပ်ရပါတယ်။။ မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနက တွဲဘက်ပါမောက္ခ ဒေါက်တာ ဇင်မောင်မောင်သိန်း ရဲ့ မှတ်ချက်အရတော့ လွန်ခဲ့တဲ့နှစ်သန်းပေါင်း (၅) သန်းကနေ (၆)သန်းလောက်ကဖြစ်လာတဲ့ ရေချိုမိကျောင်း တစ်ကောင်ရဲ့ ဦးခေါင်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ တိတိကျကျသိဖို့က ကျွန်တော်တို့ဌာနမှာ မျက်လုံးပေါက်တွေရဲ့ အကျယ် စတဲ့ အခြားတိုင်းတာလို့ရတဲ့ ဗြက်တွေ၊ အလျားတွေ တိုင်းထွာပြီး၊ စစ်ဆေးစရာရှိတာတွေ စစ်ဆေးပြီးတော့မှ မျိုးစိတ်ကို ပြောလို့ရမှာ။ အဲလို မျိုးစိတ်ကိုသိမှ သက်တမ်းကို တိတိကျကျ သိနိုင်မှာလေ။ ကျွန်တော်တို့ဌာနကို ရောက်လာရင်တော့ အဲဒီစစ်ဆေးရေးလုပ်ငန်းတွေကို သေသေချာချာလုပ်နိုင်မှာဖြစ်သလို ဘာသာရပ်သင်ကြားရေးဆိုင်ရာမှာလည်းအထောက်အကူဖြစ်နိုင်မှာမို့ ရှေးဟောင်းသုတေသနပြတိုက်မှာပဲ သော့ခတ်ထားတာမျိုးမလုပ်ဘဲ ကျနော်တို့ဌာနကို လွှဲပြောင်းပေးစေချင်တာပေါ့

ဟု မကွေးတက္ကသိုလ် ဘူမိဗေဒဌာန တွဲဘက်ပါမောက္ခ ဦးဝင်းလွင်သိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်းကို လွန်ခဲ့သည့်တစ်လခွဲခန့်က တွင်းကုန်းရပ်ကွက်နေ ကိုမောင်မောင်ဟန်က ဆိတ်ကျောင်းသွားစဉ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မျက်လုံးပေါက် (၂)ပေါက်ပါတဲ့ အရိုးခေါင်းပုံစံမျိုးကိုတွေ့ရလို့ ဒါကြီးဟာ ဘာကောင်ရဲ့ခေါင်းကြီးဖြစ်နိုင်မ လဲဆိုပြီး ပျက်စီးသွားမှာစိုးလို့ ကျောက်ပြားနဲ့အုပ်ခဲ့ပါတယ်။ အဲဒီဟာကြီးတွေ့ခဲ့ကြောင်းကို နီးစပ်ရာလူတွေနဲ့ အုပ်ချုပ်ရေးမှူးကို ပြောဖြစ်ခဲ့ပေမယ့် အမှုမဲ့အမှတ်မဲ့ပဲ နေခဲ့ကြပြီး ဇူလိုင် (၅)ရက်နေ့က သစ်ပင်စိုက်ပျိုးတဲ့ ရေနံချောင်းချစ်သူများအသင်းနဲ့ ခေါ်ပြဖြစ်ခဲ့တော့မှ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေတာကို သိရပါတယ်

ဟု ကိုမောင်မောင်ဟန်က ပြောသည်။

လတ်တလော အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်းအား ရှေးဟောင်းသုတေသနဦးစီးဌာနတွင် ထိန်းသိမ်းထားရှိ ကြောင်း သိရပြီး ၎င်း၏ (species)  သက်တမ်းကို အသေးစိတ် ခွဲခြမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်ရန် လိုအပ်၍ တစ်ကြောင်း၊ သင်ကြားရေး၌ အထောက်အကူဖြစ်စေရန်တစ်ကြောင်းကြောင့် မကွေးတက္ကသိုလ် ဘူမိဗေဒဌာနတွင် ထားရှိရန် ဆန္ဒရှိနေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - Win Lwin Thein/ ရေနံချောင်းချစ်သူများအသင်း

   


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~