တာချီလိတ်တွင် Covid-19 ပိုးပြန်တွေ့ရသည့် အတည်ပြုလူနာ Case 96 ကို တာချီလိတ်ဆေးရုံ၌ စောင့်ကြည့်ကုသပေးမည်

တာချီလိတ်တွင် Covid-19 ပိုးပြန်တွေ့ရသည့် အတည်ပြုလူနာ Case 96 ကို တာချီလိတ်ဆေးရုံ၌ စောင့်ကြည့်ကုသပေးမည်
ဇူလိုင် 2, 2020
By Tachileik News Agency

တာချီလိတ်တွင်  Covid-19 ပိုးပြန်တွေ့ရသည့် အတည်ပြုလူနာ Case 96 ကို တာချီလိတ်ဆေးရုံ၌ စောင့်ကြည့်ကုသပေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ ပထမဆုံး အတည်ပြုလူနာ Case 96 မှာ ဆေးရုံဆင်းပြီးနောက် ရက်ပေါင်း (၄၀) အကြာတွင် ပိုးပြန်တွေ့ရသော်လည်း ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီး တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံရှိ COVID 19 သီးသန့်ကုသခန်းတွင် စောင့်ကြည့်ကုသမည်ဖြစ်ကြောင်း သိရသည်။

Casse 96 မှာ ဆေးရုံဆင်းပြီး ရက်ပေါင်း (၄၀) အကြာ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် COVID 19 ပိုးပြန်တွေ့ရသဖြင့် အနီးကပ်ထိတွေ့သူများကို အသွားအလာကန့်သတ်ထားပြီး အတည်ပြုလူနာအား ဆေးရုံခေါ်ဆောင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

သူလည်း ဆေးရုံမှာ လာနေရမှာပေါ့။ ပြန်စစ်ပြီး Negative ဖြစ်ရင် ပြန်ဆင်းပေါ့။ အခုလည်း ဘာရောဂါလက္ခဏာမှ မရှိပါဘူး။ သူကလည်း ဆေးရုံမှာလာနေဖို့ လိုလိုလားလားပါပဲ။ အခုလို ဆေးရုံဆင်းတဲ့သူဆီက ပြန်စစ်ရင်တော့ ထပ်တလဲလဲ ပြန်တွေ့ရတတ်ပေမဲ့ သူတို့နဲ့ အတူနေ မိသားစုတွေကို ထပ်ခါတလဲလဲ ပြန်စစ်တဲ့အခါမှာတော့ ပိုးမတွေ့ရဘူးဆိုတာကို ကိုရီးယား CDC က သုတေသနစစ်တမ်းတွေလည်း ရှိပါတယ်

ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းမှ COVID 19 အတည်ပြုလူနာ (၃)ဦးကို ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသပေးခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် အထူးကုများ၊ သမားတော်များရှိသည့် ဆေးရုံတိုင်းတွင် COVID 19 ကုသမှုပေးနိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

ကျွန်တော်တို့ လောလောဆယ် တာချီလိတ်မှာပဲထားဖို့ စီစဉ်ထားတယ်။ နောင်တစ်ချိန်မှာ အထူးကုတွေ၊ သမားတော်တွေရှိတဲ့ ဆေးရုံတွေဆိုရင် facility တွေပြည့်စုံရင် ထားဖို့ စီစဉ်ထားတာ။ မိုင်းဆတ်အထိတောင် လုပ်သွားဖို့ စီစဉ်ထားတာရှိပါတယ်။ အခုဟာကတော့ တာချီလိတ်မှာပဲ ထားဖို့ စီစဉ်ထားပါတယ်

ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောသည်။

လက်ရှိတွင် ဆေးရုံဆင်းလူနာ၌ COVID 19 ပိုးတွေ့ရခြင်းမှာ ကုသမှုခံယူပြီးနောက် ခန္ဓာကိုယ်တွင်း ကြွင်းကျန်ခဲ့သည့် ဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇအပိုင်းအစ (RNA)ကို ပြန်လည်တွေ့ရခြင်းလည်း ဖြစ်နိုင်ပြီး မျိုးရိုးဗီဇ အပိုင်းအစဖြစ်ပါက မူလဗိုင်းရပ်စ်ပိုးကဲ့သို့ ကူးစက်မြန်ပြင်းထန်အဆင့် မဟုတ်၍ စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။

သူ့မှာ ပြန်တွေ့တယ်ဆိုတာ နှစ်ပိုင်းဖြစ်နိုင်ပါတယ်။ အရင်ဖြစ်ခဲ့တဲ့ COVID ပိုးရဲ့ RNA လို့ခေါ်တာပေါ့နော်။ မျိုးရိုးဗီဇရဲ့အပိုင်းအစပေါ့နော်။ သူက နောက်တစ်ယောက်ကို ကူးစက်မှုနှုန်းက အင်မတန့် အင်မတန်နည်းတယ်ဆိုတာ သုတေသနတွေ့ရှိချက်တွေရှိတယ်။ အင်မတန်နည်းတယ်ဆိုတာက အဲဒီလိုဟာကနေ ကူးစက်တာက ဒီကနေ့အထိ မတွေ့ရှိသေးဘူးပေါ့နော်။ ကိုရီးယားဘက်၊ အမေရိကားဘက်က သုတေသနတွေအရပေါ့။ ဒုတိယအပိုင်းကတော့ တခြားတစ်ယောက်ယောက်ဆီက ပြန်ပြီး ကူးစက်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ အဲဒီလို တစ်ဆင့် ကူးစက်ခံရတာဆိုရင်တော့ ပြန်ပြီး ကူးကောင်း ကူးနိုင်တယ်ဆိုတာ ဖြစ်နိုင်တာပေါ့နော်။ ဒီတော့ မျိုးရိုးဗီဇကျန်တာလား အသစ်ကူးစက်ခံရတာလား မသိတော့ လိုက်ရှာမယ်။ စစ်မယ်။ နဂိုအတိုင်းပဲ ပြန်ပြီးဆောင်ရွက်ဖို့ လုပ်တာပါ။ ကျွန်တော်တို့ တစ်ဖက်ကတော့ မျိုးရိုးဗီဇအပိုင်းအစဆိုရင်တော့ ဘာမှတော့ စိုးရိမ်စရာမရှိပါဘူး။ သို့သော်လည်း ရောဂါတိုက်ဖျက်ရေးကတော့ လူတွေအကုန်လုံးကို ကာကွယ်ရမှာဖြစ်တော့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီဟာက အများသူငါကို ကူးစက်မယ့်ပိုးပါဆိုတာတော့ မသေချာပေမဲ့ အများပြည်သူ အန္တရာယ်မရှိအောင် လုပ်ရမယ့်ဟာကို တိတိကျကျပဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်းပဲ ဆောင်ရွက်နေပါတယ်

ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောသည်။

လက်ရှိတွင် ပိုးတွေ့လူနာနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများအတိုင်း အနီးကပ်ထိတွေ့သူများ ရှာဖွေ၍ ဓာတ်ခွဲစစ်ဆေးခြင်းကိုလည်း ကျန်းမာရေးဦးစီးဌာနက ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

သူက ဇွန်လ (၃၀) ရက်နေ့က အဖြေထွက်တာဆိုတော့ အရှေ့နှစ်ရက်ယူလိုက်ရင် (၂၈)နဲ့ (၂၉)က close contact (အနီးကပ်ထိတွေ့သူ)ဆိုတော့ သူ့အမျိုးသမီးတစ်ဦးပဲရှိတယ်။ နောက်တစ်ပိုင်းကတော့ ဆေးရုံဆင်းတဲ့ မေလ (၂၆)ရက်နေ့ကနေ ဇွန်လ (၂၇)ရက်နေ့အထိ close contact တွေကိုတော့ home quarantine ထားမယ်။ ဒီထဲကမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေကိုတော့ မဖြစ်မနေ ဓာတ်ခွဲနမူနာ ယူစစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျန်းမာရေးအတွက် လူတွေနဲ့ထိတွေ့နေရလို့။ ကျန်တဲ့သူတွေကိုတော့ home quarantine ပဲ ထားမယ်။ သိရသလောက်တော့ ဒီကြားကာလမှာလည်း သူကအပြင်ထွက်ရင် Mask တပ်တယ်။ ခပ်ခွာခွာနေတယ်ဆိုတော့ close contact တော့ မမိဘူးပေါ့။ close contact ဖြစ်တဲ့ သူ့အမျိုးသမီးကိုလည်း hospital quarantine ထားမယ်ထင်တယ်

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မိုင်းဖြတ်မြို့မှ အမျိုးသားတစ်ဦးမှာ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့တွင် ပထမဆုံး COVID 19 အတည်ပြုလူနာဖြစ်လာခဲ့ပြီး ဒုတိယမြောက်လူနာအဖြစ် တာချီလိတ်မှ (Case 96) ဆရာဝန် အမျိုးသားကို ဧပြီလ (၁၈)ရက်နေ့တွင်လည်းကောင်း၊ တတိယမြောက်လူနာအဖြစ် တာချီလိတ်မှ သူနာပြုဆရာမကို (Case 112) ကို ဧပြီလ (၂၀) ရက်နေ့တွင်လည်းကောင်း အသီးသီးဓာတ်ခွဲစစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အတည်ပြုလူနာ (၃)ဦးလုံးကို ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသပေးခဲ့ပြီးနောက် Case 96 မှာ မေလ (၂၀) ရက်နေ့တွင်လည်းကောင်း၊ Case 112 မှာ ဇွန်လ (၅) ရက်နေ့တွင်လည်းကောင်း Case 64 မှာ ဇွန်လ (၁၄)ရက်နေ့တွင် ဆေးရုံဆင်းခွင့်ရထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~