ရှမ်းပြည်နယ်အတွင်း အထူးဒေသ (၂) နှင့် အထူးဒေသ (၄) တို့မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးငယ်များကို ငွေကြေးထောက်ပံ့မည်

ရှမ်းပြည်နယ်အတွင်း အထူးဒေသ (၂) နှင့် အထူးဒေသ (၄) တို့မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးငယ်များကို ငွေကြေးထောက်ပံ့မည်
ဇွန် 25, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း  အထူးဒေသ (၂) နှင့် အထူးဒေသ (၄) တို့မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးငယ်များကို ငွေကြေးထောက်ပံ့မည်

ရှမ်းပြည်နယ်အတွင်း “ဝ” အထူးဒေသ (၂) နှင့် အထူးဒေသ (၄) မိုင်းလားတို့မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးငယ်များကို MCCT အစီအစဉ်အရ ငွေကြေးထောက်ပံ့ရေးအတွက် စာရင်းကောက်ယူခြင်းကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

"သူတို့ဆီမှာ Liaison Offecer တွေရှိတယ်ဗျ။ ပန်ဆန်းမှာ (၂) ယောက်ရှိပါတယ်။ မိုင်းလားမှာဆိုရင်လည်း (၂) ယောက်ရှိပါတယ်။ မိုင်းလားမှာ ပိုကောင်းတာက နိုင်ငံဝန်ထမ်းတွေနဲ့ နတလ ရှိပါတယ်။ မြို့နယ်ကျန်းမာရေးဦးစီးမှူးကိုယ်တိုင်ရှိတယ်။ ပန်ဆန်းမှာက Director ရှိပါတယ်။ Wa State Developent ဆိုပြီး ဒေါက်တာထွန်းကြည်ရှိပါတယ်။ သူကတာဝန်ယူထားတယ်။ သူတို့နဲ့ ကျွန်တော်တို့နဲ့ တွေ့ဆုံဆွေးနွေးပြီးပါပြီ"

ဟု ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ (၂၅)ရက်နေ့၌ ပြောသည်။

ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးငယ်များကို ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT) ကို ဧပြီလ (၁) ရက်နေ့မှစတင်ရန်စီစဉ်ထားသော်လည်း COVID-19 ကာလကြောင့် စာရင်းကောက်ယူမှုအစီအစဉ်များ ရွှေ့ဆိုင်းထားရခြင်းဖြစ်ကြောင်း သိရသည်။

 "ဧပြီလ (၁) ရက်နေ့ ၂၀၂၀ ကတည်းကစပြီး ကိုယ်ဝန်ဆောင်သည်တွေ၊ အဲဒီအချိန်ကမွေးဖွားလာတဲ့ကလေးတွေအကုန်လုံး အကျိုးခံစားခွင့်ရမှာပါခင်ဗျ။ စာရင်းကောက်ယူတာကိုတော့ ဇူလိုင်လ (၁) ရက်နေ့မှာစပါမယ်။ COVID ကာလဖြစ်သွားလို့။ အရင်ဆို ဧပြီလ (၁) ရက်နေ့ကတည်းက စာရင်းကောက်ယူနေပြီပေါ့။ လက်ရှိမှာ အထူးဒေသ (၂) နဲ့ အထူးဒေသ (၄) က နှစ်ယောက်စီကို နေပြည်တော်မှာ သင်တန်းပေးထားပြီးပြီ"

ဟု ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဦးက ပြောသည်။ 

MCCT အစီအစဉ်အရ တစ်လလျှင် ကျပ် (၁၅,၀၀၀) ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး COVID-19 ကာလကြောင့် ထောက်ပံ့မှုမပေးခဲ့ရသည့်အတွက် ဧပြီ၊ မေ၊ ဇွန် (၃) လတာကာလအတွက် ငွေကျပ် (၄၅,၀၀၀) နှင့် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ (၃) လတာကာလအတွက် (၄၅၀၀၀)၊ စုစုပေါင်း ငွေကျပ် (၉၀,၀၀၀) ကို တပေါင်းထဲထောက်ပံ့ပေးသွားမည်ဖြစ်ပြီး COVID-19 ကာလပြီးစီးပါက (၃) လတစ်ကြိမ်ထောက်ပံ့မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုယ်ဝန်‌ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ် (Maternal and Child Cash Transfer Program – MCCT) ကို  နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းသက်သာသောချေးငွေတို့ မျှဝေကျခံ၍ တစ်လလျှင်(၁၅,၀၀၀)ကျပ်နှုန်းဖြင့် (၃)လတစ် ကြိမ်(၄၅,၀၀၀)ကျပ်ထောက်ပံ့ပေးခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~