ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်အား တာဝန်မှရုပ်သိမ်းရန်အဆိုအား တပ်မတော်သားကိုယ်စားလှယ် (၆)ဦးနှင့် ကိုယ်စားလှယ် (၁၈)ဦးဆွေးနွေး

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်အား တာဝန်မှရုပ်သိမ်းရန်အဆိုအား တပ်မတော်သားကိုယ်စားလှယ် (၆)ဦးနှင့် ကိုယ်စားလှယ် (၁၈)ဦးဆွေးနွေး
ဇွန် 1, 2020
By 🌸
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်အား တာဝန်မှရုပ်သိမ်းရန်အဆိုအား တပ်မတော်သားကိုယ်စားလှယ် (၆)ဦးနှင့် ကိုယ်စားလှယ် (၁၈)ဦးဆွေးနွေး

ပြည်သူ့လွှတ်တော်ဥက္ကဌအား တာဝန်မှရုပ်သိမ်းရန်အဆိုကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့၌ ကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် တပ်မတော်သားကိုယ်စားလှယ် (၆) ဦးအပါအဝင် ကိုယ်စားလှယ် (၂၄)ဦးက ဆွေးနွေးနေကြပြီဖြစ်သည်။

၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၇ အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား တာဝန်မှ ရုပ်သိမ်းရန်အဆိုကို မေလ (၂၈) ရက်နေ့က ကျင်းပသော  ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းထားခြင်းနှင့် ပတ်သက်၍  မိုင်းပန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး၊ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ ထန်းတပင်မဲဆန္ဒနယ်မှ ဦးနေမျိုးထွန်း၊ နမ့်စန် မဲဆန္ဒနယ်မှ  ဦးဌေးလွင်(ခ)ဦးဒီလုံး၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝင်းမိုး၊ ဒေါပုံ မဲဆန္ဒနယ်မှ ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချို၊ မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၊  ၊ ဘောလခဲ မဲဆန္ဒနယ်မှ ဦးအေးမောင်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီးသိမ့်သိင်္ဂီထွေးအောင်၊  ရန်ကင်း မဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင်၊  အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဦးလမာနော်အောင်၊ ဝိုင်းမော် မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံး၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်း၊ ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ ဆိပ်ကြီး/ခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်သက်ထွန်းအောင်၊ မင်းတပ် မဲဆန္ဒနယ်မှ ဦးနေလင်းအောင်၊ မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ဖျာပုံ မဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊ ၊ ပြည် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်ရဲနိုင်မျိုး၊ ပုဗ္ဗသီရိ မဲဆန္ဒနယ်မှ ဦးရည်မွန်(ခ)မောင်တင်သစ်နှင့် အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာဦးလှမိုးတို့က ဆွေးနွေးနေကြခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်အား တာဝန်မှ ရုပ်သိမ်းရန် ၂၀၂၀ ခုနှစ်၊ မေလ (၂၈) ရက်နေ့၌ ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၁၀) ဦးလက်မှတ်ရေးထိုးထားသည့် အဆိုအား မိုင်းပျဉ်းမြို့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က အဆိုတင်သွင်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ လွှတ်တော်အရပ်ရပ်တွင် တပ်မတော်သားကိုယ်စားလှယ် (၂၅)ရာခိုင်နှုန်းမှာ ရွေးကောက်ခံရန်မလိုဘဲ ပါဝင်နိုင်ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ (၂၁) တွင် ဥက္ကဋ္ဌကို နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်းနှင့် ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းတို့မှ အကြောင်းတစ်ချက်ချက်နှင့် ငြိစွန်းပါက တာဝန်မှရုပ်သိမ်းနိုင်သည်ဟု ပြဌာန်းထားသည်။

ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌသည် ပုဒ်မ၂၁ ပါ အကြောင်းတစ်ရပ်ရပ်ကြောင့် ဥက္ကဋ္ဌ တာဝန်မှ ရုပ်သိမ်းခြင်းခံရလျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲပြီးဖြစ်စေရမည်ဟု ပုဒ်မ၂၂ တွင်ဖေါ်ပြထားခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေအရ ပြည်သူ့လွှတ်တော်ဥက္ကဌကို တာဝန်မှရပ်ဆိုင်းလိုပါက လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံ လက်မှတ်ထိုးထားသောအဆိုလွှာကို ဒုတိယဥက္ကဋ္ဌ ထံတင်သွင်းပြီးနောက် လက်မှတ်ထိုးထားသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်သို့ အဆိုတင်သွင်းရမည်ကာ ကိုယ်စားလှယ်များက အဆိုကို ဆွေးနွေးနိုင်မည်ဖြစ်သည်။

ယင်းသို့ ဆွေးနွေးပြီးနောက် အဆိုကိုဆက်လက်အရေးယူဆောင်ရွက်ရန်သင့်မသင့် စက်ခလှတ်နှိပ်လျှို့ဝှက်မဲခွဲရာ၌ ကတိသစ္စာပြုပြီးသည့် ကိုယ်စားလှယ် အနည်းဆုံး သုံးပုံ နှစ်ပုံ ထောက်ခံလျှင် ဆက်လက်အရေးယူဆောင်ရွက်ရမည်ဖြစ်သည်။

ယင်းနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌက သင့်လျော်သည့် ကိုယ်စားလှယ်များပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်းပေးကာ စုံစမ်းစစ်ဆေးမည်ဖြစ်ပြီး ဥက္ကဌသည် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ခုခံချေပနိုင်မည်ဖြစ်သည်။

စုံစမ်းစစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို ရက်ပေါင်း (၃၀) အတွင်း ဒုတိယဥက္ကဌထံတင်ပြရမည်ဖြစ်ကာ အရေးယူသင့်ကြောင်း တင်ပြချက်ဖြစ်လျှင် စက်ခလုတ်နှိပ်လျှို့ဝှက်မဲခွဲရမည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~