ရှမ်းပြည်နယ်အတွင်း ပဋိပက္ခဒေသများ၊ စစ်ဘေးရှောင်စခန်းများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးငယ်များကို MCCT အစီအစဉ်ဖြင့် ငွေကြေးထောက်ပံ့မည်

ရှမ်းပြည်နယ်အတွင်း ပဋိပက္ခဒေသများ၊ စစ်ဘေးရှောင်စခန်းများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးငယ်များကို MCCT အစီအစဉ်ဖြင့် ငွေကြေးထောက်ပံ့မည်
ဇွန် 25, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း ပဋိပက္ခဒေသများ၊ စစ်ဘေးရှောင်စခန်းများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးငယ်များကို MCCT အစီအစဉ်ဖြင့် ငွေကြေးထောက်ပံ့မည်

ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးငယ်များ ငွေကြေးထောက်ပံ့မည့် အစီအစဉ်ဖြင့် ရှမ်းပြည်နယ်အတွင်း ထောက်ပံ့ပေးရာတွင် ပဋိပက္ခဖြစ်ပွားသည့်ဒေသများ၊ စစ်ဘေးရှောင်စခန်းများမှ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များ မကျန်စေရန် စာရင်းကောက်ယူပြီး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပဋိပက္ခဒေသများတွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် စာရင်းကောက်ယူရန် စီစဉ်ထားသော်လည်း COVID-19 ကာလကြောင့် ရွှေ့ဆိုင်းထားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

"အဲဒီဒေသတွေက ကြိုတင်ညှိနှိုင်းထားပြီးပြီ။ ကျွန်တော်တို့အဖွဲ့ခေါင်းဆောင်က  ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်က ချမှတ်ပေးထားတာတော့ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းခေါင်းဆောင်ပြီးတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရယ်၊ လူမှုဝန်ထမ်းရုံးချုပ်ရယ်၊ ကမ္ဘာဘဏ်ရယ် ကွင်းဆင်းဆောင်ရွက်မှာပါ။ စာလည်းထွက်ပြီးပါပြီ။ COVID ကာလကြောင့် ကွင်းမဆင်းနိုင်သေးဘူး၊ မတ်လတစ်ဝက်ရယ်၊ ဧပြီလတစ်လလုံး၊ မေတစ်လလုံး၊ ဇွန်တစ်လလုံးဆိုတော့ (၃) လခွဲနောက်ကျသွားတယ်။ ကွင်းဆင်းဖို့ ခွင့်ပြုမိန့်လည်းရပြီးသွားပြီ"

ဟု ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်နက်ကိုင်ပဋိပက္ခရှိနေသည့်ဒေသများနှင့် စစ်ဘေးရှောင်စခန်းများတွင် စာရင်းများကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

"စစ်ဘေးရှောင်စခန်းတွေအတွက်က COVID ထောက်ပံ့ကြေးတွေရော၊ စားနပ်ရိက္ခာတွေရော ထောက်ပံ့နေပါတယ်။ လူမှုဝန်ထမ်းရော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရော ကွင်းဆင်းဆောင်ရွက်နေပါတယ်"

ဟု ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဦးက ပြောသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မွေးဖွားလာသည့် အသက် (၂) နှစ်အောက်ကလေးငယ်များကို ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT) ကို ၂၀၂၀ ခုနှစ်တွင် ရှမ်းပြည်နယ်၌ အကောင်အထည်ဖေါ်နေခြင်းဖြစ်ပြီး လူဦးရေ (၁၄၀,၀၀၀) ကို ထောက်ပံ့ရန်ရည်မှန်းထားကြောင်း သိရသည်။

MCCT အစီအစဉ်အရ တစ်လလျှင် ကျပ် (၁၅,၀၀၀) ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး COVID-19 ကာလကြောင့် ထောက်ပံ့မှုမပေးခဲ့ရသည့်အတွက် ဧပြီ၊ မေ၊ ဇွန် (၃) လတာကာလအတွက် ငွေကျပ် (၄၅,၀၀၀) နှင့် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ (၃) လတာကာလအတွက် (၄၅၀၀၀)၊ စုစုပေါင်း ငွေကျပ် (၉၀,၀၀၀) ကို တပေါင်းထဲထောက်ပံ့ပေးသွားမည်ဖြစ်ပြီး COVID-19 ကာလပြီးစီးပါက (၃) လတစ်ကြိမ်ထောက်ပံ့မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုယ်ဝန်‌ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ် (Maternal and Child Cash Transfer Program – MCCT) ကို  နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းသက်သာသောချေးငွေတို့ မျှဝေကျခံ၍ တစ်လလျှင်(၁၅,၀၀၀)ကျပ်နှုန်းဖြင့် (၃)လတစ် ကြိမ်(၄၅,၀၀၀)ကျပ်ထောက်ပံ့ပေးခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~