COVID 19 အတွက် ညဈေးများ ကန့်သတ်ထားစဉ်ကာလအတွင်း ကျောက်မဲ၌ ယာယီညနေဈေး စီစဉ်ပေးထားမည်

COVID 19 အတွက် ညဈေးများ ကန့်သတ်ထားစဉ်ကာလအတွင်း ကျောက်မဲ၌ ယာယီညနေဈေး စီစဉ်ပေးထားမည်
ဇွန် 29, 2020
By Tachileik News Agency
COVID 19 အတွက် ညဈေးများ ကန့်သတ်ထားစဉ်ကာလအတွင်း ကျောက်မဲ၌ ယာယီညနေဈေး စီစဉ်ပေးထားမည်

COVID 19 ကာကွယ်ရေးအတွက် ရှမ်းပြည်နယ်အတွင်း ညဈေးများ ဖွင့်လှစ်ခြင်းကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လကုန်အထိ ထပ်တိုး ကန့်သတ်ထား၍ ညဈေးများ ပြန်လည်ဖွင့်ခွင့်မရမီကာလအတွင်း  ကျောက်မဲမြို့၌ ယာယီညနေဈေး သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ညဈေးနဲ့ (၅) ရက်တစ်ဈေးတွေ အပါအဝင် Covid-19 ကာလမှာ ဈေးတွေလိုက်နာရမယ့် သတ်မှတ်ချက်တွေလည်း အခု (၁၅) ရက် ထပ်တိုးခံရတဲ့ထဲမှာ ပါနေတယ်။ ညဈေးက ဈေးသည်တွေလည်း ရပ်နားထားရတာ ကြာနေပြီ ဖြစ်တဲ့အတွက် အခက်အခဲတွေ ဖြစ်ပေါ်နေတာ သိရလို့ တာဝန်ရှိတဲ့ ကော်မတီတွေနဲ့ တိုင်ပင်ပြီး ယာယီညနေဈေး တစ်ခု သတ်မှတ်ပေးနိုင်ဖို့ ညှိနှိုင်းနေကြပါတယ်” 

ဟု ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်ဦးက တာချီလိတ် သတင်းအေဂျင်စီသို့  ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် ပြောသည်။

ညဈေးရှိ ဈေးရောင်းချသူများမှာ ရောင်းချခွင့်ကန့်သတ်ထားသည့်ကာလ ကြာမြင့်လာ၍ အခက်အခဲများ ဖြစ်ပါ်နေသည့် အတွက် ဘူတာပျံကျဈေးနေရာ နှင့် မြို့တော်ခန်းမအနီး လမ်းများနံဘေး၌ ယာယီနေရာချထားပေးရန် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ် covid-19 ကော်မတီတို့ ညှိနှိုင်း ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။

ညဈေးနှင့် ( ၅) ရက်တစ်ဈေးများ ပိတ်ထားသဖြင့် ပျံကျဈေးသည်များအတွက် COVID 19 ကာကွယ်ရေးသတ်မှတ်ချက်များအတိုင်း လုပ်ဆောင်ထားသည့် ပျံကျဈေးသစ်/ ဘူတာဈေးကို နံနက် (၄)နာရီမှ နံနက် (၇)နာရီအထိ ရောင်းချနိုင်ရန် ကျောက်မဲမြို့နယ် Covid-19 တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီက မေလ ၇ ရက်က စတင်ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးဖြစ်ခြင်းကို  ကန့်သတ်နိုင်ရန်အတွက် ဈေးများကို ရောဂါကာကွယ်ရေးသတ်မှတ်ချက်များနှင့်အညီ အကန့်အသတ်ဖြင့်သာ ဖွင့်ခွင့်ပြုထားပြီး ညဈေးနှင့် (၅)ရက်တစ်ဈေးများကို ဇူလိုင်လကုန်အထိ ကန့်သတ်ထားခြင်းဖြစ်သည်။

သတင်း - နေဖြိုးမြင့်
 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~