မကွေးတိုင်းအတွင်း ကျောင်းများ၌ ဖြန့်ဝေပေးထားသည့် ကွန်ပျူတာများကို ထိရောက်စွာ အသုံးပြုနိုင်မှု ရှိ မရှိ လွှတ်တော်ကိုယ်စားလှယ်များက စစ်တမ်းကောက်မည်

မကွေးတိုင်းအတွင်း ကျောင်းများ၌ ဖြန့်ဝေပေးထားသည့် ကွန်ပျူတာများကို ထိရောက်စွာ အသုံးပြုနိုင်မှု ရှိ မရှိ လွှတ်တော်ကိုယ်စားလှယ်များက စစ်တမ်းကောက်မည်
ဇွန် 10, 2020
By Tachileik News Agency
မကွေးတိုင်းအတွင်း ကျောင်းများ၌ ဖြန့်ဝေပေးထားသည့် ကွန်ပျူတာများကို ထိရောက်စွာ အသုံးပြုနိုင်မှု ရှိ မရှိ  လွှတ်တော်ကိုယ်စားလှယ်များက စစ်တမ်းကောက်မည်

မကွေးတိုင်းဒေသကြီးအတွင်း ပညာရေးဝန်ကြီးဌာနက ပံ့ပိုးပေးထားသည့် ကွန်ပျူတာများကို ဖြန့်ဝေပေးထားသည့် ကျောင်းအားလုံး၌ အသုံးပြုနိုင်ခြင်း မရှိ၍  လွှတ်တော်က စစ်တမ်းကောက်နေရာ ကွန်ပျူတာများကို ညွှန်ကြားချက်အတိုင်း ဖြန့်ဝေထားခြင်းသာဖြစ်သည်ဟု မကွေး တိုင်းပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးက တုန့်ပြန်ပြောဆိုလိုက်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကြိုတင်ဘတ်ဂျက်ရေးဆွဲဖို့ ရုံးချုပ်ကို သွားရောက်တဲ့အခါ  ကျေးလက်နဲ့မြို့ ပြကျောင်းတွေ IT စနစ်ရဲ့အခြေခံဖြစ်တဲ့ ကွန်ပျူတာသင်ကြားရေးကွာခြားမှု  လျော့ကျစေရေးအတွက်ဆိုပြီး မြန်မာ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ဖြန့်ဖြူးပေးတဲ့ လျှပ်စစ်မီး မရရှိပေမဲ့ ကျောင်းပိုင်မီးစက်ရှိရင် ကျေးလက်ဒေသမီးလင်းရေး၊ ဆိုလာမီး ရှိတဲ့ကျောင်းဖြစ်ရင် တစ်ကျောင်းကို (၁၀)လုံး၊ တစ်မြို့နယ် ကို(၆)ကျောင်းနှုန်းနဲ့ ထပ်မံတိုးချဲ့ရရှိခဲ့လို့  မြို့နယ်ပညာရေးမှူးရုံးတွေဆီ သတ်မှတ်ချက်နဲ့ညီညွတ်တဲ့ လျာထားကျောင်းများ  တောင်းခံ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်

ဟု မကွေးတိုင်းပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး(ဘဏ္ဍာ) ဦးတင်စိုးက ဇွန်လ (၁၀) ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ (၂၅) မြို့နယ်မှ အခြေခံပညာအထက်တန်းကျောင်းများနှင့် အထက်တန်း ကျောင်းခွဲများအတွက် တစ်ကျောင်းလျှင် Desktop Computer နှင့် USP (၁၀)စုံနှုန်းဖြင့် အခြေခံပညာ ကျောင်းပေါင်း(၁၄၆)ကျောင်းအတွက် အစုံ (၁၄၆၀)၊ စာကြည့်တိုက်ရှိသည့် ကျောင်း(၈)ကျောင်းအတွက် (၈)စုံ၊ စုစုပေါင်း(၁၄၆၈)စုံ ဖြန့်ဝေပေးထားခြင်းဖြစ်သော်လည်း ကျောင်းအချို့၌ ကွန်ပျူတာများကို လုံးဝအသုံးပြုနိုင်ခြင်းမရှိ၍ ကျောင်းများတွင် ထိရောက်စွာအသုံးပြုနိုင်မှုအခြေအနေကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက စစ်တမ်းကောက်ယူ၍ တင်ပြရန် လွှတ်တော်ဥက္ကဌက ဆုံးဖြတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်အသီးသီးက ကျောင်းတွေကို ကွန်ပျူတာတွေ ဖြန့်ဝေပေးထားတာမှာ ကွန်ပျူတာရရှိထားကြတဲ့ တစ်ချို့ကျောင်းတွေဟာ လျှပ်စစ်မီး မရှိဘူး။ တစ်ချို့ကျောင်းတွေမှာ သင်တတ်တဲ့ဆရာ ဆရာမ မရှိဘူး။ တစ်ချို့မှာ ကွန်ပျူတာထားမယ့် အခန်းမပြောနဲ့ စာသင်ခန်းတောင်မရှိတာတွေ့ရတယ်။ ဥပမာ စလင်း မှာ အလုံး(၇၀)ရပေမယ့် မြို့ပေါ်အထက (၂)ကျောင်းရှိပြီး တစ်လုံးမှ မရဘဲ ရွာကျောင်းတွေမှာ သွားရနေတယ်။ မြို့ပေါ် ကျောင်းပဲရစေချင်ပြီး ရွာတွေကို မရစေချင်လို့ ပြောတဲ့သဘောမျိုး မဟုတ်ဘူး။ နိုင်ငံတော်ကနေ ကျောင်းသူကျောင်းသားတွေ ကွန်ပျူတာနဲ့ပတ်သက်လို့ တတ်စေချင်တဲ့ စေတနာထားပြီး ဖြန့်ဝေပေးထား တာဖြစ်လို့ ထိရောက်စေချင်တာ။ လျှပ်စစ်မီးမရှိ၊ သင်နိုင်တဲ့ဆရာမရှိ၊ ကွန်ပျူတာထားဖို့အခန်းမရှိနဲ့ ဘယ် လိုလုပ်ထိရောက်မလဲ။ ဒါဟာ နိုင်ငံတော်ရဲ့စေတနာကို အလဟသဖြစ်အောင်လုပ်တာပဲ

ဟု မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များက စာရင်းများ ကောက်ယူရရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပေးပို့မည်ဖြစ်ပြီး လိုအပ်ပါက ပညာရေးဝန် ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်းမှ လျှပ်စစ်မီး ရရှိသည့် ကျောင်း(၈၁)ကျောင်း၊ မီးစက်ရှိသည့် (၆၈)ကျောင်း၊ ဆိုလာမီးရှိသည့် (၅) ကျောင်း၊ စုစုပေါင်း (၁၅၄)ကျောင်း သို့ ကွန်ပျူတာများ ဖြန့်ဝေထားကာ အဆိုပါကျောင်းအားလုံးတွင် ကွန်ပျူတာသင်ကြားနိုင်သည့် ဆရာ၊ ဆရာမများရှိကြောင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ  တိုင်းဒေသကြီးပညာရေးမှူးရုံးက တင်ပြထားကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~