မြဝတီ - မဲဆောက် နယ်စပ်ဂိတ်မှ ဝင်လာသူ အမျိုးသမီးတစ်ဦးတွင် Covid-19 ပိုးတွေ့ရှိ၍ မကွေးဆေးရုံသို့ ပြောင်းရွှေ့ထား

မြဝတီ - မဲဆောက် နယ်စပ်ဂိတ်မှ ဝင်လာသူ အမျိုးသမီးတစ်ဦးတွင် Covid-19 ပိုးတွေ့ရှိ၍ မကွေးဆေးရုံသို့ ပြောင်းရွှေ့ထား
ဇွန် 8, 2020
By Tachileik News Agency
မြဝတီ  - မဲဆောက် နယ်စပ်ဂိတ်မှ ဝင်လာသူ  အမျိုးသမီးတစ်ဦးတွင် Covid-19 ပိုးတွေ့ရှိ၍ မကွေးဆေးရုံသို့ ပြောင်းရွှေ့ထား

မြန်မာ - ထိုင်းနယ်စပ်ဒေသ မဲဆောက် -  မြဝတီနယ်စပ်ဂိတ်မှ တဆင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လာသည့် မကွေးတိုင်းဒေသကြီးအတွင်း သရက်မြို့မှ  အမျိုးသမီးတစ်ဦးတွင် Covid-19 ပိုးတွေ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇွန်လ(၇)ရက်နေ့ ညပိုင်းက အတည်ပြုလိုက်သည့်အတွက် အတည်ပြုလူနာ( Case 242 )အား သရက်မြို့ Facility Quarantine Center မှ တဆင့် မကွေးတိုင်းပြည်သူ့ဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်လိုက်ကြောင်း သိရသည်။

ထိုင်းပြန်အမျိုးသမီးပါ။ သရက်မြို့က Facility Quarantine မှာ အသွားအလာကန့်သတ် စောင့်ကြည့်ထားသူဖြစ် ပါတယ်။ ညတွင်းချင်းပဲ မကွေးဆေးရုံကြီးကို ခေါ်ဆောင်ပြီး Isolation Word မှာ ထားရှိပြီး ဆေးကုသ စောင့်ရှောက်မှုပေးသွားမှာပါ

ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပိုးတွေ့လူနာအမျိုးသမီးမှာ သရက်မြို့တွင် နေထိုင်သူဟုသိရပြီး ထိုင်းနိုင်ငံ မဲဆောက် - မြဝတီ နယ်စပ်ပေါက်သို့ ၂၀၂၀ခုနှစ် မေလ(၂၄)ရက်နေ့က ရောက်ရှိလာပြီး မြဝတီမြို့မှ ကားဖြင့်  မင်းဘူးမြို့မှ  (၂)ဦး၊ ဂန့်ဂေါမြို့မှ  (၁)ဦး၊ မြိုင်မြို့ မှ ( ၁)ဦး၊ မင်းလှမြို့မှ (၁၁)ဦး၊ အောင်လံမြို့မှ (၁၅)ဦး၊ တောင်တွင်းကြီး မှ (၁၃)ဦး၊ သရက်မြို့မှ (၁)ဦး၊ မြို့သစ်မြို့ မှ (၁)ဦး၊ ဆင်ပေါင်ဝဲမြို့မှ (၆)ဦး တို့နှင့်အတူ မကွေးမြို့ ပညာရေးကောလိပ် Facility Quarantine Center သို့ မေလ(၂၅)ရက်နေ့တွင် ရောက်ရှိကာ Quarantine ဝင်သည်။

မကွေးမြို့ ပညာရေးကောလိပ် Facility Quarantine Center တွင် တစ်ညအိပ်စေပြီး နောက်ရက်တွင် သရက်မြို့ရှိ  Facility Quarantine Center သို့ သွားရောက်ကာ အဆိုပါ (၅၁)ဦးလုံး Quarantine ဝင်စေပြီး ဓါတ်ခွဲနမူနာများရယူကာ ဓါတ်ခွဲစစ်ဆေးရာမှ (၅၁)ဦး၌ အသက်(၃၆)နှစ်အရွယ် အမျိုးသမီးတွင် covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်သည်။

ယခု အတည်ပြုလူနာသည် မကွေးတိုင်းဒေသကြီး၏ တတိယမြောက် အတည်ပြုလူနာဖြစ်ပြီး ပထမ အတည်ပြုလူနာဖြစ်သည့် Case 53 နှင့် ဒုတိယမြောက် အတည်ပြုလူနာ Case 189 တို့တွင် ပြန်လည်ဓါတ်ခွဲစစ်ဆေးချက်အရ ပိုးမတွေးကြာင်း အဖြေထွက်ရင် ဆေးရုံဆင်းခွင့်ရရှိသွားခဲ့ကြပြီ ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၀ခုနှစ် ဇွန်လ(၈)ရက်နေ့ နံနက်(၈)နာရီအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၂၄၃)ဦးအထိ ရှိနေပြီး သက်သာပျောက်ကင်းသူမှာ (၁၅၆)ဦးအထိ ရှိလာကြောင်း နှင့် သေဆုံးသူမှာ (၆)ဦးရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ZMA


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~