တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ် (၁) တံတားဖွင့်ရန် ထိုင်းဘက်က တရားဝင်ဆွေးနွေးမှု မရှိသေး

တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ် (၁) တံတားဖွင့်ရန် ထိုင်းဘက်က တရားဝင်ဆွေးနွေးမှု မရှိသေး
ဇွန် 24, 2020
By 🌸

တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ် (၁) တံတားဖွင့်ရန် ထိုင်းဘက်က တရားဝင်ဆွေးနွေးမှု မရှိသေး

ထိုင်းနိုင်ငံဘက်မှ ၂၀၂၀ ခုနှစ် မတ်လ (၂၃)ရက်နေ့ကတည်းက ပိတ်ထားသည့် တာချီလိတ်နှင့် မယ်ဆိုင်ကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကို ပြန်လည်ဖွင့်လှစ်ရန်  မြန်မာနိုင်ငံဘက်သို့ ဇွန်လ (၂၃) ရက်နေ့အထိ တရားဝင် ဆွေးနွေးလာခြင်း မရှိသေးကြောင်း သိရသည်။

“ထိုင်းဘက်ကနေ တရားဝင်ညှိနှိုင်းလာတာတော့ မရှိသေးဘူး။ သူတို့ဘက်က တရားဝင်ညှိနှိုင်းလာရင်တော့ သက်ဆိုင်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ပြပေးမှာပေါ့။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကလည်း ပြည်ထောင်စုအစိုးရကို ဆက်ပြီးတင်ပြမှာပေါ့”

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံက နယ်စပ်ကုန်သွယ်ရေး  မထိခိုက်စေရေးအတွက် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)အပါအဝင် နယ်စပ်ဂိတ်အချို့ကို ပြန်လည်ဖွင့်လှစ်လိုသော်လည်း ရောဂါကူးစက်မှုမရှိစေရေးနည်းလမ်းကို ရှာဖွေဆွေးနွေးနေကြဆဲဖြစ်ပြီး ဇွန်လ (၂၃)ရက်နေ့၌ တာချီလိတ်ဘက်မှ တာဝန်ရှိသူများထံ အလွတ်သဘောဆွေးနွေးလာကြောင်း သိရသည်။

"အရေးကြီးတာက ဟိုဘက်၊ ဒီဘက် လူတွေဖြတ်သန်းလို့ရှိရင် ကျန်းမာရေးဆိုင်ရာကိစ္စတွေကို ဘယ်လို ထိန်းချုပ်မလဲ၊ ဘယ်လိုကာကွယ်မလဲ၊ ဘယ်လိုစစ်ဆေးမလဲဆိုတာက အဓိကအရေးကြီးတယ်။ လက်ရှိက Quantine ထားနေရတော့ ဝင်သမျှလူကို Quantine ထားမှာလား။ ဒီဘက်ကနေသွားရင်လည်း ဟိုဘက်က စစ်ဆေးမှာလား။ Quantine ထားမှာလားဆိုတာ အဲဒါတွေက အဓိက အရေးကြီးဆုံးပဲ"

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

လက်ရှိအချိန်တွင် ချစ်ကြည်ရေး အမှတ်(၁)တံတား ပြန်လည်ဖွင့်လှစ်ပါက မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှ ဝင်ထွက်သွားလာသူများကို COVID 19 ကာကွယ်ထိန်းချုပ်ရေးအတွက် တာချီလိတ်မှ သက်ဆိုင်ရာဌာနအသီးသီးက ကြိုတင်ပြင်ဆင်ရေးအတွက် ဇွန်လ (၂၂)ရက်နေ့၌ ကျင်းပခဲ့သည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအစည်းအဝေးတွင် ဆွေးနွေးထားကြောင်း သိရသည်။

"တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သွားတဲ့အချိန်မှာ ရောဂါပိုးမပါရေးက ကိုယ့်ဘက်ကလည်းအရေးကြီးတယ်။ သူ့ဘက်ကလည်းအရေးကြီးတယ်။ အဲဒါတွေက ကျန်းမာရေးဌာနက COVID ကော်မတီရဲ့ Guide Line က အရေးကြီးဆုံးပဲ။ တံတားဖွင့်ရေး၊ မဖွင့်ရေးက အဲဒီအချက်တွေက အရေးကြီးဆုံးပဲ"

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ဂိတ်အားလုံးကို ထိုင်းနိုင်ငံက COVID-19 ကာကွယ်ရေးအတွက် ပိတ်ထားရာ မြန်မာ - ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားကို မတ်လ (၂၃) ရက်နေ့မှစ၍ ပိတ်ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~