တာချီလိတ်တွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် တစ်ပတ်အတွင်း ဆရာတော် (၂) ပါးပျံလွန်တော်မူ

တာချီလိတ်တွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် တစ်ပတ်အတွင်း ဆရာတော် (၂) ပါးပျံလွန်တော်မူ
ဇွန် 29, 2020
By Tachileik News Agency
တာချီလိတ်တွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် တစ်ပတ်အတွင်း ဆရာတော် (၂) ပါးပျံလွန်တော်မူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် ၂၀၂၀၊ ခုနှစ် ဇွန်လအတွင်း ဆရာတော် (၂) ပါးပျံလွန်တော်မူသွားကြောင်း သိရသည်။

ဒီလအတွင်း ဘုန်းကြီး (၂) ပါးပျံလွန်တော်မူသွားတယ်။ သက်တော် (၄၀) တစ်ပါး၊ သက်တော် (၄၄) တစ်ပါး၊ သွေးလွန်တုပ်ကွေးပိုးတွေ့တယ်ပေါ့။ လွန်ခဲ့တဲ့တစ်ပတ်ကျော်အတွင်းက ပျံလွန်တော်မူသွားတာ။ မိုင်းကိုး၊ ပါဟတ်ဘုန်းကြီးကျောင်းကပေါ့။ တစ်ပတ်အတွင်း (၂) ပါးဆိုတော့များတာပေါ့။ သွေးလွန်တုပ်ကွေးက ခေါင်းပြန်ထောင်လာတော့ တစ်ဦးတစ်ယောက်တည်းလုပ်လို့ မရတော့ဘူး။ စုပေါင်းလုပ်မှရမှာပေါ့။ ဌာနဆိုင်ရာတွေ လူမှုရေးအသင်းအဖွဲ့တွေ၊ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီးဝိုင်းဝန်းလုပ်ဆောင်ရမှာပေါ့

ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂၉)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်းကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ဝမ်ပုံကျေးရွာ၊ ဖန်မင်ကျေးရွာအုပ်စုရှိ ဝမ်ကောင်းမွန်ကျေးရွာနှင့် မိုင်းကိုးကျေရွာအုပ်စုတွင်းရှိ ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါအဖြစ်များနေပြီး တာချီလိတ်ခရိုင်ဆေးရုံကြီးတွင်တက်ရောက်ကုသနေသူ (၃) ဦး၊ ပုဂ္ဂလိကဆေးရုံဖြစ်သည့် မြသဟာ (အဆွေတော်)ဆေးရုံတွင် တက်ရောက်ကုသနေသူ (၅) ဦးရှိနေသည့်အပြင် အဆစ်အမြစ်ယောင်ရမ်းပြီး ဖျားနာသည့် ဆင်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ဖန်မင်ကျေးရွာအုပ်စုရှိ ဝမ်ကောင်းမွန်ကျေးရွာတွင် တွေ့ရှိခဲ့ရသဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ လုပ်ဆောင်ရန်စီစဉ်နေကြောင်း သိရသည်။

COVID-19 ကာလဖြစ်တယ်ဆိုတော့ ဖုံး၊ သွန်၊ လဲ၊ စစ်ကို လူစုလူဝေး အကြီးကြီးမလုပ်တော့ဘူးပေါ့။ နည်းနည်းနဲ့ ကျဲကျဲဝိုင်းတဲ့ပုံစံမျိုးပေါ့။ သူ့ရပ်ကွက်နဲ့သူပေါ့။ ရာအိမ်မှူးရှိမယ်၊ ဆယ်အိမ်မှူးရှိမယ်။ အဖွဲ့အသေးလေးတွေက တစ်ပတ်တစ်ကြိမ်လုပ်သွားကြမှာပေါ့

ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ပြောသည်။

တာချီလိတ်ခရိုင်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာချီလိတ်မြို့ စုပေါင်းရုံးခန်းမတွင် ၂၀၂၀ ခုနှစ် ဇွန်လ (၂၉) ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ရပ်ကွက်များအလိုက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~