တာချီလိတ်ရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် (၄၀၀) နီးပါးအနက် ဆိုင် (၆)ဆိုင်က စည်းကမ်းချက်များနှင့် အညီ ပြင်ဆင်ပြီးဖြစ်၍ ဖွင့်ခွင့်ပြုရန် တင်ပြထား

တာချီလိတ်ရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် (၄၀၀) နီးပါးအနက် ဆိုင် (၆)ဆိုင်က စည်းကမ်းချက်များနှင့် အညီ ပြင်ဆင်ပြီးဖြစ်၍ ဖွင့်ခွင့်ပြုရန် တင်ပြထား
ဇွန် 3, 2020
By Tachileik News Agency
တာချီလိတ်ရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် (၄၀၀) နီးပါးအနက် ဆိုင် (၆)ဆိုင်က စည်းကမ်းချက်များနှင့် အညီ ပြင်ဆင်ပြီးဖြစ်၍ ဖွင့်ခွင့်ပြုရန် တင်ပြထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဧရိယာအတွင်း လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် စုစုပေါင်း (၄၀၀) နီးပါးတွင် COVID 19 ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ပြင်ဆင်ထားပြီး  ပြန်ဖွင့်ခွင့်ပြုရန် တင်ပြထားသည့်ဆိုင်အရေအတွက်မှာ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့အထိ (၆)ဆိုင်သာရှိသေးကြောင်း သိရသည်။

လမ်းဘေးခေါက်ဆွဲဆိုင်လေးတွေပါရင် ဆိုင်က (၃၀၀) ကျော် (၄၀၀) နီးပါးလောက်ရှိတယ်။ ဟိုတစ်နေ့က ဖိတ်တာကတော့ ဆိုင်ကြီးတွေက (၁၀၀) ကျော်ရှိတယ်။ အကင်ဆိုင်တို့၊ စားသောက်ဆိုင်တို့၊ ဟိုတယ်တွေမှာ ဖွင့်တဲ့ စားသောက်ဆိုင်တို့ပါ အပါအဝင်ပေါ့။ ဒီဆိုင်တွေအားလုံးကို ပြင်ဆင်ချိန် (၁၀) ရက်ပေးထားတယ်။ အခုချိန်ထိတော့ အဆင်သင့်ဖြစ်လို့ လာလျှောက်တာ ဆိုင်ကြီးထဲမှာ (၃) ဆိုင်ပဲရှိသေးတယ်။  လျှောက်ထားတဲ့ စာရင်းတွေကိုလည်း မြို့နယ်ထွေအုပ်ကို ပြန်တင်ပေးမှာပေါ့။ ပြင်ဆင်ပြီး တင်ပြလာတဲ့ဆိုင်တွေကို ကွင်းဆင်းစစ်ရင်တော့ မြို့နယ်ကိုဗစ်ကော်မတီကနေ စစ်မှာပါ 

ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်ပေါင်း (၄၀၀)နီးပါးအနက် Mother World၊ Sister House နှင့် Best Friend စားသောက်ဆိုင်များက COVID 19 ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ပြီး ၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် စည်ပင်သာယာရေးဌာနသို့ တင်ပြထားပြီး Relax၊ ဖင်းဖင်းနှင့် ရွှေဖလားဆိုင်များက မြို့နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ တင်ပြထားကြောင်း သိရသည်။

လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေ ဖွင့်မယ်ဆိုရင် မြို့နယ်ကိုဗစ်ကော်မတီကို တင်ပြရတယ်။ စည်ပင်ကို တင်လည်းရတယ်။ စည်ပင်ကနေမှ ကျွန်တော်တို့ဆီကို တင်ပြပေးမယ်။ အခုချိန်ထိတော့ စည်ပင်ကို တင်ထားတာက (၃)ဆိုင်နဲ့ ကျွန်တော့်ဆီတင်ထားတာက (၃)ဆိုင်ရှိတယ်။ သူတို့အနေနဲ့ အချက်အလက်တွေ ပြည့်စုံရင် ဖွင့်လို့ရမယ်။ အခုထိတော့ အကုန်လုံး လိုအပ်ချက်ရှိနေလို့ ပြင်ဆင်နေကြတုန်းပဲ။ သူတို့တင်ပြပေးရင် ကျွန်တော်တို့ သွားစစ်ပေးတယ်။ စည်းကမ်းချက်တွေ ကိုက်ညီပြီဆိုတာနဲ့ ဖွင့်လို့ရပြီ။ တစ်ချို့ဆိုင်တွေလည်း မတင်ပြဘဲ ဖွင့်နေတယ်လို့ကြားတယ်။ ဖွင့်မယ့်ဆိုင်အားလုံးက တင်ပြဖို့ လိုပါတယ် 

 ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

COVID 19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ မေလ (၁၈)ရက်နေ့ ရက်စွဲပါ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်မည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဈေးများ၊ ယာဉ်လိုင်းများ၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများကို ဇွန်လ (၁)ရက်နေ့မှစ၍ စိစစ်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ရာ  မေလ (၃၀)ရက်နေ့ နံနက်ပိုင်းက စားသောက်ဆိုင်ပိုင်ရှင် (၁၀၀) ကျော်ကိုခေါ်ယူပြီး  အောင်မြတ်ခန်းမတွင်  တွေ့ဆုံကာ လိုက်နာရမည့်အချက်များနှင့် လိုက်နာခြင်းမရှိပါက အရေးယူမည့်အပိုင်းများကို ရှင်းလင်းဆွေးနွေးခြင်းဖြစ်သည်။

COVID 19 ကာကွယ်ရေးအတွက်  လူစုလူဝေးဖြစ်နိုင်သည့်နေရာများကို ကန့်သတ်ထားရာမှ ဇွန်လ (၁)ရက်နေ့မှစ၍ ဖြေလျော့မှုအချို့လုပ်ပေးခဲ့ရာ ရောဂါကာကွယ်ရေးအစီအမံများဖြင့် ဆိုင်ထိုင်ရောင်းချလိုသည့်ဆိုင်များကို ပြန်လည်ဖွင့်ခွင့်ပေးထားပြီး ပြန်ဖွင့်သည့်ဆိုင်များအနေဖြင့် ရောဂါကာကွယ်ရေး ဆောင်ရွက်ရမည့်အချက်များကို လိုက်နာခြင်းမရှိပါက  အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။

Tachileik News Agency
သတင်း  - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~