ရှမ်းပြည်နယ်တွင် အတည်ပြုလူနာ (၂)ဦး ထပ်တွေ့ရသဖြင့် အတည်ပြုလူနာ (၉)ဦးအထိ တိုးလာ

ရှမ်းပြည်နယ်တွင် အတည်ပြုလူနာ (၂)ဦး ထပ်တွေ့ရသဖြင့် အတည်ပြုလူနာ (၉)ဦးအထိ တိုးလာ
ဇွန် 2, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင် အတည်ပြုလူနာ (၂)ဦး ထပ်တွေ့ရသဖြင့် အတည်ပြုလူနာ (၉)ဦးအထိ တိုးလာ

ရှမ်းပြည်နယ် တစ်ခုလုံးရှိ COVID 19 အတည်ပြုလူနာ (၇)ဦးလုံး ပြန်လည်ကျန်းမာလာပြီးနောက် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့၌ အတည်ပြုလူနာ (၂)ဦးထပ်တိုးလာ၍ စဝ်စံထွန်းဆေးရုံနှင့် မူဆယ်ဆေးရုံတို့တွင် ကုသပေးမည် ဖြစ်ကြောင်း သိရသည်။

“အခုက ရှမ်းပြည်နယ်က အသစ်တက်မယ့် လူနာ (၂)ယောက်ပဲရှိတယ်။ ကျိုင်းတုံဆေးရုံက Case 64 နဲ့ 112 ကလည်း နှစ်ခါလုံး negative ဖြစ်နေပြီးပြီဆိုတော့  hospital quarantine ထားထားတယ်။ ကျန်တဲ့ (၅)ယောက်လုံးကတော့ ဆင်းသွားပြီ။ အခုတစ်ယောက်က စဝ်စံထွန်းဆေးရုံနဲ့ တစ်ယောက်က မူဆယ်ဆေးရုံ တက်မှာပေါ့”ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့တွင် တရုတ်နိုင်ငံမှ ပြန်လာ၍ အသွားအလာကန့်သတ်ထားသည့်နေရာ၌ နေထိုင်နေသူ (၁)ဦးနှင့် မူဆယ်မြို့မှ ကျန်းမာရေးဝန်ထမ်း (၁)ဦးတို့တွင် COVID 19 ပိုးတွေ့ရကြောင်း ဇွန်လ (၂)ရက်နေ့၌ ဓာတ်ခွဲအဖြေရလာခြင်းဖြစ်သည်။

“ရွာငံကတော့ တရုတ်ကပြန်လာတာ။ မေ (၁၇)မှာ Community Quarantine ဝင်ထားတာပေါ့။ အဲဒီမှာ (၁၄)ရက်မြောက်နေ့မှာ ဓာတ်ခွဲနမူနာယူတော့ (၃၀)ရက်နေ့မှာ ဓာတ်ခွဲနမူနာယူတယ်။ (၃၁)ရက်နေ့မှာ ပို့တယ်။ ဒီနေ့ အဖြေရလာတာပေါ့နော်။ သူနဲ့အတူ facility quarantine ဝင်ထားတာ (၆)ယောက်ရှိတယ်။ ကျန်တဲ့ (၅)ယောက်ကိုလည်း နောက်နှစ်ရက်လောက်နေရင် ဓာတ်ခွဲနမူနာယူပြီး ထပ်စစ်မှာပေါ့။ သူကတော့ ထိတွေ့သူ အများကြီး မရှိပါဘူး။ တရုတ်ကပြန်လာကတည်းက တောက်လျှောက် ဒီဘက်ပို့လာပြီး facility quarantine ဝင်ထားတာပါ”ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။

မူဆယ်မြို့တွင် ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာမှာ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်၍ အနီးကပ်ထိတွေ့မှုရှိသူများကို ကျန်းမာရေးဌာနက စုံစမ်းနေပြီး ဓာတ်ခွဲစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ဇွန်လ (၂)ရက်နေ့အထိ အတည်ပြုလူနာ (၉)ဦးတွေ့ရသည့်အနက် ရှမ်းပြည်နယ်တောင်ပိုင်း  စဝ်စံထွန်းဆေးရုံတွင် ကုသမှုခံယူနေသူ (၂)ဦး၊ လားရှိုးပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသူ (၁)ဦး၊ မူဆယ်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသူ (၁)ဦးနှင့် ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသူ (၁)ဦးတို့ ဆေးရုံဆင်းသွားပြီဖြစ်ကာ ကျိုင်းတုံဆေးရုံတွင် hospital quarantine ထားရှိသည့် ပိုးမတွေ့ကြောင်း ဓာတ်ခွဲအဖြေ နှစ်ကြိမ်ဆက်တိုက်ရပြီးသူ အတည်ပြုလူနာ (၂)ဦးတို့ရှိခဲ့ကာ ယနေ့ထပ်တိုး (၂)ဦးသာ ကုသမှုခံယူရန်ကျန်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~