ဖျာပုံမြို့နယ်တွင် လယ်ယာမြေထွန်ယက်မှု အငြင်းပွားရန်ဖြစ်ရာမှ ၆၇ နှစ်အရွယ် အမျိုးသား အသတ်ခံရ

ဖျာပုံမြို့နယ်တွင် လယ်ယာမြေထွန်ယက်မှု အငြင်းပွားရန်ဖြစ်ရာမှ ၆၇ နှစ်အရွယ် အမျိုးသား အသတ်ခံရ
ဇွန် 4, 2020
By Tachileik News Agency
ဖျာပုံမြို့နယ်တွင် လယ်ယာမြေထွန်ယက်မှု အငြင်းပွားရန် ဖြစ်ရာမှ (၆၇)နှစ်အရွယ် အမျိုးသား အသတ်ခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ သကံဂွကြီးကျေးရွာတွင် လယ်မြေငှားရမ်းလုပ်ကိုင်သူက ငှားရမ်းထားသည့် သက်တမ်းကုန်သွားသော်လည်း ယခုနှစ်တွင် ဆက်လက်လုပ်ကိုင်နေသဖြင့် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့တွင် လယ်ပိုင်ရှင်က သွားရောက်တားမြစ်ရာမှ ရိုက်နှက်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

အရင်နှစ်က လယ်ကို တစ်နွေတစ်မိုး လုပ်ကိုင်စားဖို့ (၈)သိန်းနဲ့ ငှားပေးထားတာကို ဒီနှစ်မှာလည်း ဆက်လုပ်နေလို့ သွားတားတာကနေ စကားများပြီး ဖြစ်သွားတာလို့ သိရတယ်။ အဲဒီလူကလည်း ထွက်မပြေးပါဘူး။ အဖမ်းခံပါတယ်

ဟု ဖျာပုံမြို့မစခန်းမှူး ဒုရဲမှူး ကြည်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖျာပုံမြို့နယ်၊ ကိုးအိမ်တန်းကျေးရွာအုပ်စု၊ သကံဂွကြီးကျေးရွာရှိ လယ်ကွက်တစ်ခုအတွင်း၌ အမျိုးသားတစ်ဦး မျက်နှာတွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်းသတင်းအရ ဖျာပုံမြို့မစခန်းမှူး ဒုရဲမှူး ကြည်စိုး ဦးဆောင်သည့် ရဲတပ်ဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အသက် (၆၇)နှစ်အရွယ် ဦးထွန်းလှိုင်မှာ ၎င်း၏ လယ်ကွက်အတွင်း ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ရပ်အား မျက်မြင်တွေ့သူများထံမှ စစ်ဆေးပေါ်ပေါက်ချက်အရ ဦးထွန်းလှိုင်သည် ၎င်း၏ လယ်ကွက်အတွင်း ဝင်ရောက်ထွန်ယက်နေသည့် ခင်မောင်ချိုအား တားမြစ်ရာမှ စကားများပြီး ခင်မောင်ချိုက ထွက်စက်ပြင်ရာတွင်သုံးသည့်ဂွဖြင့် မျက်နှာအား ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ခင်မောင်ချိုအား ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး သေဆုံးသူအား ဖျာပုံဆေးရုံသို့ ပို့ဆောင်စစ်ဆေးထားကြောင်း သိရသည်။

အဆိုပါအခင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသက် (၄၂)နှစ်အရွယ် ခင်မောင်ချိုကို ဖျာပုံမြို့မရဲစခန်းတွင် (ပ) ၂၄၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးထားကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~