တာချီလိတ် - မယ်ဆိုင် နယ်စပ်ချောင်း တရားမဝင်ဖြတ်ကူးသူများကို ထိရောက်စွာ အရေးယူနိုင်ရေး နှစ်နိုင်ငံ ဒေသတာဝန်ရှိသူများ ဆွေးနွေး

တာချီလိတ် - မယ်ဆိုင် နယ်စပ်ချောင်း တရားမဝင်ဖြတ်ကူးသူများကို ထိရောက်စွာ အရေးယူနိုင်ရေး နှစ်နိုင်ငံ ဒေသတာဝန်ရှိသူများ ဆွေးနွေး
ဇွန် 25, 2020
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင် နယ်စပ်ချောင်းတွင် Covid-19 ကာလအတွင်း တရားမဝင်ဖြတ်ကူးသူများကို ထိရောက်စွာ အရေးယူနိုင်ရေး နှစ်နိုင်ငံ ဒေသတာဝန်ရှိသူများ ဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကြား နယ်စပ်ချောင်းမှ Covid-19 ကာလအတွင်း တရားမဝင် ဖြတ်သန်းသွားလာနေသူများကို ဖမ်းဆီးအရေးယူခြင်း ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် တာချီလိတ်နှင့် မယ်ဆိုင် တာဝန်ရှိသူများ ဆွေးနွေးထားကြောင်း သိရသည်။

မယ်ဆိုင်နှင့် တာချီလိတ်မှ တာဝန်ရှိသူများသည် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့က တာချီလိတ်မြို့၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁) ဖွင့်လှစ်နိုင်မည့် အခြေအနေများနှင့်အတူ နယ်စပ်ချောင်းမှ တရားမဝင်ဖြတ်ကူးနေသူများ အရေးကိုပါ ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“နှစ်နိုင်ငံရေချောင်းမှာ ခိုးဝင်တာတွေကို ထိုင်းနိုင်ငံဘက်ကလည်း သူတို့ဥပဒေနဲ့ အရေးယူဖို့ ဒီဘက်ကလည်း နောက်ဆုံး ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေအတိုင်း အရေးယူသွားဖို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးထားပါတယ်”ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်ကြားရှိ မယ်ဆိုင်ချောင်းကိုဖြတ်၍ နှစ်နိုင်ငံခိုးဝင် ကူးသန်းသွားလာသူများကြောင့် ဒေသတွင်း COVID 19 ကူးစက်ပျံ့ပွားခြင်း မရှိစေရန်  ထိုင်းနိုင်ငံဘက်ခြမ်းတွင်လည်း ဖမ်းဆီးအရေးယူနေပြီး  တာချီလိတ်ဘက်တွင်လည်း တရားမဝင် ဖြတ်ကူးသူများအပြင် လက်ခံထားသူများကိုပါ အရေးယူမည်ဟု ကြေညာထားခြင်းဖြစ်သည်။

COVID 19 ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ထိုင်းနိုင်ငံက တာချီလိတ် - မယ်ဆိုင် နယ်စပ်ဂိတ် ဖြစ်သည့် ချစ်ကြည်ရေး အမှတ်(၁)တံတားအား မတ်လ (၂၃)ရက်နေ့ကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~