ထိုင်းနိုင်ငံအတွင်း လုပ်ငန်းအချို့ ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့် ပြုနေပြီဖြစ်၍ တာချီလိတ် - မယ်ဆိုင် နယ်စပ်ပေါက်မှ နေရပ်ပြန်ရန် စာရင်းပေးသူ လျော့နည်းလာ

ထိုင်းနိုင်ငံအတွင်း လုပ်ငန်းအချို့ ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့် ပြုနေပြီဖြစ်၍ တာချီလိတ် - မယ်ဆိုင် နယ်စပ်ပေါက်မှ နေရပ်ပြန်ရန် စာရင်းပေးသူ လျော့နည်းလာ
ဇွန် 8, 2020
By Tachileik News Agency
ထိုင်းနိုင်ငံအတွင်း လုပ်ငန်းအချို့ ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့် ပြုနေပြီဖြစ်၍ တာချီလိတ် - မယ်ဆိုင် နယ်စပ်ပေါက်မှ နေရပ်ပြန်ရန် စာရင်းပေးသူ လျော့နည်းလာ

ထိုင်းနိုင်ငံဘက်တွင် လုပ်ငန်းအချို့ကို ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့် ပြုနေပြီဖြစ်၍ မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ နေရပ်ပြန်လိုသူများ စာရင်းပေးသွင်းမှု အရေအတွက် လျော့နည်းလာကြောင်း သိရသည်။

“စာရင်းပေးထားတဲ့ အထဲကနေ တစ်ချို့လည်း မြဝတီလမ်းကြောင်းကနေ ပြန်ဆင်းသွားတဲ့သူတွေလည်းရှိတယ်။ တစ်ချို့လုပ်ငန်းတွေက ပြန်လည်လုပ်ကိုင်လာတာတွေရှိတယ်။ ဒီဘက်မှာ စားသောက်ဆိုင်လုပ်ငန်းတွေက များတော့ ပြန်ဖွင့်တဲ့ လုပ်ငန်းထဲမှာပါတယ်။ တစ်ချို့က အလုပ်မရှိလို့ ပြန်ချင်တာဖြစ်တော့ အလုပ်လည်း ပြန်ဖွင့်ရော မပြန်တော့ဘူးဆိုတာတွေလည်း ရှိတယ်”ဟု မြန်မာအလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေးက တာချီလိတ်သတင်းအေဂျင်စီသို့   ပြောသည်။

ထိုင်းနိုင်ငံတွင် COVID 19 ထိန်းချုပ်ရေးအတွက် လုပ်ငန်းများ ယာယီရပ်နားကာ ခရိုင်ချင်းဆက်လမ်းများနှင့် နယ်စပ်ဝင်ပေါက်အားလုံး၊ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများ ပျံသန်းခြင်းများကို ယာယီရပ်ဆိုင်းထားခြင်းဖြစ်ရာ အလုပ်အကိုင်မရှိတော့၍ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား  မြန်မာသံရုံးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ တင်ပြကာ နယ်စပ်အသီးသီးမှ ပြန်ပို့ပေးနေခြင်းဖြစ်သည်။

နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားအများစုကို မဲဆောက် - မြဝတီလမ်းကြောင်းမှ ပြန်ပို့ပေးနေခြင်းဖြစ်ပြီး မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းအပါအဝင် အခြားနယ်စပ်ဂိတ်များမှ မိမိအစီအစဉ်ဖြင့် ပြန်လိုသူများအတွက်ကိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ထောက်ခံစာဖြင့် ပြန်နိုင်ရန် မြန်မာအလုပ်သမားသံအရာရှိရုံးက တင်ပြဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံသား နေရပ်ပြန်လိုသူများ ထိုင်းနိုင်ငံမှ နယ်စပ်ဖြတ်သန်းသွားလာခွင့်ရရန် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များကို မြန်မာအလုပ်သမား သံအရာရှိရုံး၏ Facebook Page မှ တစ်ဆင့်လည်းကောင်း မိမိတို့ပြန်လိုသည့် နယ်စပ်ဂိတ်ရှိရာနယ်မြေမှ အလုပ်သမားသံအရာရှိ၏ (+66) 099 059 2352 ဖုန်းနံပါတ် viber သို့လည်းကောင်း ပေးပို့နိုင်ကြကြောင်း သိရသည်။

မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများမှ နေရပ်ပြန်ရန် စာရင်းမပေးရသေးသူများ ကျန်ရှိပါကလလည်း ဦးသန်းထွန်းအောင်(TBC) ဖုန်း 090-053-2430 နှင့်  ဦးထွန်း(မယ်ဆိုင်) ထိုင်းဖုန်း 089-637-6367  သို့ နေ့စဉ် နံနက် (၉)နာရီမှ ညနေ (၅)နာရီအတွင်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြကြောင်း သိရသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~