ရှမ်းပြည်နယ်အတွင်း ဇွန်လ(၁၀)ရက်နေ့အထိ ပြည်တော်ပြန် (၄၂၇၀၀)ဦး လက်ခံထား

ရှမ်းပြည်နယ်အတွင်း ဇွန်လ(၁၀)ရက်နေ့အထိ ပြည်တော်ပြန် (၄၂၇၀၀)ဦး လက်ခံထား
ဇွန် 11, 2020
By Tachileik News Agency
 ရှမ်းပြည်နယ်အတွင်း ဇွန်လ(၁၀)ရက်နေ့အထိ ပြည်တော်ပြန် (၄၂,၇၀၀)ဦး လက်ခံထား

ရှမ်းပြည်နယ်တွင် နယ်စပ်မှ ပြည်တော်ပြန်များအား စားသောက်စရိတ်ကို မိမိအစီအစဉ်ဖြင့် ကျခံစေသည့် စနစ်ဖြင့် facility quarantine ထားရှိနေပြီး  ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့အထိ ပြည်တော်ပြန်ဦးရေ (၄၂,၇၀၀)ဦးကို လက်ခံထားကြောင်း သိရသည်။

နေထိုင်ဖို့က အစိုးရက စီစဉ်ပေးတယ်။ စားသောက်စရိတ်က ကိုယ့်စားရိတ်ကို ကျခံတဲ့စနစ်နဲ့သွားတယ်။ အခက်အခဲရှိတယ်ဆိုရင် quarantine center က ကြပ်မတ်ပေးတဲ့ ကျန်းမာရေး၊ ထွေအုပ်တို့က ကျွန်တော်တို့ ဆီပြန်တင်တယ်။ ကျွန်တော်တို့က ပြန်ပြီးထောက်ပံ့ပေးတာပေါ့။ ပြန်ဖို့ရာအတွက် ပို့ဆက်က ကားတွေနဲ့ ဈေးနှုန်း အသက်သာဆုံး ဖြစ်အောင် စီစဉ်ပေးတယ်။ ပြန်လာတဲ့သူတွေထဲက အခက်အခဲ ရှိတယ်ဆိုရင် ပြည်နယ်အစိုးရကို တင်ပြရင် ပြည်နယ်အစိုးရက ပံ့ပိုးပေးတဲ့စနစ်နဲ့သွားတာ။ ဝင်လာတဲ့သူက များမှာဆိုတော့ လက်ရှိထိ (၁,၀၀၀) ကျော်ဖြစ်နေပြီဆိုတော့ လူတိုင်း၊ လူတိုင်းကို ကျွေးဖို့ကျ ရေရှည်ကျ အခက်အခဲရှိတယ်လေ

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ဖြစ်သူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။

ရှမ်းပြည်နယ်အတွင်းသို့ မြဝတီနယ်စပ်မှ ဝင်လာသည့် ပြည်တော်ပြန်များအပြင် ရှမ်းပြည်နယ်အတွင်းရှိ တရုတ်နှင့် ထိုင်းနယ်စပ်ဂိတ်များမှ ဝင်လာသည့် ပြည်တော်ပြန်များလည်း ရှိနေရာ ပြည်တော်ပြန်ဦးရေ များပြားပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြန်ပို့၍ ဓာတ်ခွဲနမူနာစစ်ဆေးစေသည့်စနစ်ဖြင့် လက်ခံနေကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင်းမှာက ပြည်တော်ပြန်ဝင်လာတာ မူဆယ်လည်းရှိတယ်။ လောက်ကိုင်လည်း ရှိတယ်။ သူတို့ဆီမှာ Quarantine ထားဖို့ မရနိုင်တဲ့အခါကျတော့ ရှမ်းပြည်နယ်ကလူပဲထားပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်ကလူတွေကိုတော့ ပြန်ပို့လိုက်တာပေါ့

ဟု ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။

ရှမ်းပြည်နယ်တစ်ခုလုံးတွင်  facility quarantine center နေရာပေါင်း (၅၁၇)ခု၌ ဇွန်လ (၁၀)ရက်နေ့အထိ လက်ခံထားသည့် အရေအတွက်မှာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် (၁၀,၂၅၇)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (၂၉,၄၉၄)နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် (၂,၉၄၉)ဦးရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~