မကွေးတိုင်းဒေသကြီး၏ တတိယမြောက် အတည်ပြုလူနာတွင် Covid-19 ပိုးမတွေ့တော့၍ ဆေးရုံဆင်းခွင့်ရ

မကွေးတိုင်းဒေသကြီး၏ တတိယမြောက် အတည်ပြုလူနာတွင် Covid-19 ပိုးမတွေ့တော့၍ ဆေးရုံဆင်းခွင့်ရ
ဇွန် 26, 2020
By Tachileik News Agency

မကွေးတိုင်းဒေသကြီး၏ တတိယမြောက် အတည်ပြုလူနာတွင် Covid-19 ပိုးမတွေ့တော့၍ ဆေးရုံဆင်းခွင့်ရ

မကွေးတိုင်းအတွင်းမှ တတိယမြောက် COVID-19 အတည်ပြုလူနာအမှတ်(၂၄၂)အား ဓာတ်ခွဲ ပြန်လည် ဆေးမှု (၂) ကြိမ်လုံးတွင် ပိုးမတွေ့ရသည့်အတွက် ၂၀၂၀ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ဆေးရုံမှဆင်း ခွင့်ရရှိသွားပြီဖြစ် ကြောင်း သိရသည်။

မကွေးတိုင်း၏ တတိယမြောက် COVID-19 ပိုးတွေ့အတည်ပြုလူနာဖြစ်ခဲ့ရသည့် အသက်(၃၆)နှစ်အရွယ် ရှိ အမျိုးသမီးအား ဇွန်လ(၂၆) ရက် နံနက်ပိုင်းက သရက်မြို့နယ် COVID-19 ကော်မတီမှ အနှိုင်းမဲ့ မေတ္တာ လူမှုကူညီရေးအသင်း၏ လူနာတင်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်ရာ မကွေးတိုင်းဆေးရုံအုပ် ကြီးနှင့်တကွ တာဝန်ရှိသူ များက လက်ခုတ်တီးသြဘာပေး၍ နှုတ်ဆက်ခဲ့ကြသည်။

“မကွေးတိုင်းရဲ့ တတိယမြောက်လူနာဖြစ်သူဟာ ကျန်းမာရေးကောင်းမွန်စွာဖြင့် ဒီနေ့မှာတော့ ဆေးရုံက ဆင်းခွင့်ပြုတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆေးရုံကြီးမှာရှိတဲ့ ဆရာဝန်တွေ၊ ကျွမ်းကျင် ကျန်းမာရေး ဝန်ထမ်းတွေက အစစအရာရာ လိုလေသေးမရှိ သေချာဂရုစိုက်ပြီး ကြပ်ကြပ်မတ်မတ်ကုသ စောင့်ရှောက် မှုပေးတာတွေကြောင့်ရယ်၊ ပထမ၊ ဒုတိယနဲ့ အခု တတိယမြောက်လူနာတွေ ကိုယ်တိုင်ကလည်း ကိုယ်ခံ အားစနစ်ကောင်းမွန်ပြီး ငယ်ရွယ်သူတွေဖြစ်တယ်။ ဆရာဝန်တွေရဲ့ စောင့်ရှောက်ကုသမှုတွေကို စနစ်တကျနဲ့ လိုက်နာဆောင်ရွက်ကြတာကြောင့် COVID-19 ရောဂါကို အခုလို အောင်အောင်မြင်မြင်နဲ့ ကျော် ဖြတ်နိုင်ကြတာဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆေးရုံဆင်းပြီးပါက လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆေးအရာရှိတစ်ဦးက လူနာအား ရှင်းလင်း ပြောကြားပြီး သရက်မဲဆန္ဒနယ်အမှတ်(၂) မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင် က ထောက်ပံ့သည့် ကျပ်ငွေ(၅)သောင်းကို လူနာကို ပေးအပ်သည်။

“ကျွန်မ မကွေးဆေးရုံကြီးကို စရောက်ကတည်းက ဒီနေ့အထိ ဆရာဝန်ကြီးတွေ၊ ဆရာမကြီးတွေ နဲ့ သန့် ရှင်းရေးဝန်ထမ်းကအစ လိုလေသေးမရှိအောင် စောင့်ရှောက်မှုပေးကြလို့ ကျေးဇူးတင်ရပါတယ်။ ဆေးရုံ ဆင်းပြီးလည်း  ဆရာကြီးတွေ ညွှန်ကြားတဲ့အတိုင်း လိုက်နာနေထိုင်သွားမှာပါ”ဟု ဆေးရုံဆင်းခွင့်ရသူက ပြောသည်။

လတ်တလော မကွေးတိုင်းဆေးရုံ၌ စောင့်ကြည့်လူနာ(၃)ဦးသာ ရှိပြီး ၎င်းတို့၏ နှာခေါင်း၊ အာခေါင်တို့ပတ် နမူနာများကို ဓာတ်ခွဲပေးပို့စစ်ဆေးထားကြောင်း သိရပြီး အဆိုပါလူနာ(၃)ဦးလုံး၏ ကျန်းမာရေးအခြေအ နေမှာ ကောင်းမွန်လျှက်ရှိကြောင်း သိရသည်။

မကွေးတိုင်း၏ ပထမ COVID-19 ရောဂါအတည်ပြုလူနာမှာ မြို့သစ်မြို့နယ်မှဖြစ်ပြီး ဒုတိယလူနာမှာ တောင်တွင်းကြီးမြို့နယ်တို့မှ ဖြစ်ကာ ယခု တတိယမြောက်လူနာမှာ သရက်မြို့ရှိ quarantine တွင်ရှိနေစဉ် ဇွန်လ (၇)ရက်နေ့က ပိုးတွေ့လူနာဖြစ်ခဲ့ပြီး (၈)ရက်နေ့နံနက်(၁)နာရီအချိန်တွင် မကွေးတိုင်းဆေးရုံသို့ ခေါ်ဆောင် ၍ ဇွန်လ(၁၆)ရက်နှင့် (၂၁)ရက်နေ့တို့တွင် ပြန်လည် ဓာတ်ခွဲစစ်ဆေးချက်အရ ပိုးမတွေ့ရှိရတော့ကြောင်း ဇွန်လ(၂၅)ရက်နေ့တွင် အဖြေရရှိခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~