ဆေးရုံဆင်းလူနာအား အိမ်လိုက်ပို့သည့် လူမှုကူညီရေးအသင်းကို တုတ်ဓားတို့ဖြင့် တိုက်ခိုက်၍ ရဲတပ်ဖွဲ့က အင်အားသုံး ဖမ်းဆီးရ

ဆေးရုံဆင်းလူနာအား အိမ်လိုက်ပို့သည့် လူမှုကူညီရေးအသင်းကို တုတ်ဓားတို့ဖြင့် တိုက်ခိုက်၍ ရဲတပ်ဖွဲ့က အင်အားသုံး ဖမ်းဆီးရ
ဇွန် 7, 2020
By Tachileik News Agency
ဆေးရုံဆင်းလူနာအား အိမ်လိုက်ပို့သည့် လူမှုကူညီရေးအသင်းကို တုတ်ဓားတို့ဖြင့် တိုက်ခိုက်၍ ရဲတပ်ဖွဲ့က အင်အားသုံး ဖမ်းဆီးရ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြိုးကြာကန်ကျေးရွာတွင်၂၀၂၀ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့က  ဆေးရုံဆင်းလူနာကို အိမ်လိုက်ပို့သည့် လူမှုကူညီရေးအသင်းဝင်များအား လူနာ၏ နေအိမ်မှ လူနာအား လက်မခံဘဲ တုတ်ဓားလက်နက်ဖြင့် ပြန်လည်တိုက်ခိုက်၍ ရဲတပ်ဖွဲ့က အင်အားသုံးဖမ်းဆီးခဲ့ရကြောင်း သိရသည်။

အသက်(၇၃)နှစ်အရွယ် ဆေးရုံဆင်းလူနာတစ်ဦးကို ရောင်စုံမေတ္တာပရဟိတအသင်းက လူနာတင်ယာဉ်နဲ့ မနက် (၈) နာရီခွဲ အချိန်လောက် ကြိုးကြာကန်ရွာကို လိုက်ပို့တာမှာ လူနာရဲ့သားဖြစ်သူက လက်မခံနိုင်ဘူးဆိုပြီး တုတ်ဓားလက်နက်တွေကို ကိုင်ဆောင်ရန်ပြု တိုက်ခိုက်တာကြောင့်  ညောင်ကန်ရဲတပ်ဖွဲ့ကို ဆက်သွယ် အကူအညီတောင်းခံလာပါတယ်။ တိုင်းရဲတပ်ဖွဲ့မှူးကလည်း  ဖြစ်စဉ်ကိုကြားသိသိချင်း ကျွန်တော့်ကို သွားရောက်ရှင်းလင်းဖို့ တာဝန်ပေးတာကြောင့် ကျွန်တော် ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေသွားရောက်ပြီး ဓားကိုင်ရမ်းကားနေသူကို ခက်ခက်ခဲခဲနဲ့ ဖမ်းဆီးခဲ့ရပါတယ်

ဟု မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကြိုးကြာကန်ကျေးရွာအနီးရှိ လူနာ၏ အိမ်သို့ ရောက်ခါနီး ပေ (၂၀၀)ဝန်းကျင်ခန့်အကွာသို့ အရောက်တွင်လူနာ၏ သားဖြစ်သူမှ ဓားကိုင်၍ လူနာတင်ယာဉ်ဆီသို့ ရောက်လာပြီး လူနာကိုလက်မခံနိုင်ဟုဆိုကာ ယာဉ်ပေါ်၌လိုက်ပါလာသည့် ရောင်စုံမေတ္တာ ပရဟိတအသင်းဝင်များကို  ဓားနှင့်ထိုး၍ရန်ပြုတိုက်ခိုက်လာ သဖြင့် ယာဉ်ပေါ်တွင် လူနာနှင့်တကွ လိုက်ပါလာသည့် ၎င်း၏ မိခင်နှင့် ဦးလေးတော်စပ်သူတို့က ဖြောင်းဖျနားချသော်လည်း မရဘဲ မိခင်နှင့် ဦးလေးကိုပါ ဓားနှင့်ရန်ပြုရန် အားထုတ်သည့်အတွက် ယာဉ်ပေါ်လိုက်ပါ လာသူအားလုံး ရှောင်တိမ်းထွက်ပြေးကြရခြင်းဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ လိုက်ပါကူညီခဲ့ရတဲ့ လူနာပို့ရတဲ့လမ်းကြောင်းပေါင်း တစ်ထောင်လောက်ရှိပါပြီ။ ဒါမျိုးတစ်ခါမှ မကြုံခဲ့ဖူးပါဘူး။ အခုလည်း လူနာရှင်အဖွားက ချို့တဲ့သူတွေဖြစ်လို့ ဆေးရုံကနေ အိမ်ပြန်ပို့ပေးဖို့ အကူအညီ တောင်းတာကြောင့် အခကြေးငွေ တစ်ပြားတစ်ချပ်မှ မယူဘဲ လိုက်ပို့ခဲ့တာပါ။ လူနာပို့ရမယ့် တဲကို ရောက်ခါနီးလေးမှာပဲ ကားက အောက်ပိုင်းမလွတ်လို့ လူနာရှင်အဖွားရဲ့မောင်က ပေါက်ပြားသွားယူတာမှာ ဦးလေးဖြစ်သူကို သူ့တူက ဓားနဲ့ ထိုးလွှတ်လိုက်တာပါ။ အဲဒီနောက် နောက်ကလိုက်လာပြီး လူနာတင်ယာဉ် ပေါ်လိုက်ပါလာတဲ့ ကျွန်တော့်အသင်းဝင်တွေကို ဓားနဲ့လိုက်ထိုးတာကြောင့် ကားပေါ်တက်ပြီး ကားတံခါးကို ပိတ်ထားရပါတယ်။ လူကိုထိုးမရတော့ ကားမှန်တွေ ကားတံခါးတွေ ကားဘန်ပါတွေကို ဓားနဲ့ထိုး၊ ကားဘီး တွေကို ဓားနဲ့ထိုးဖောက်လုပ်လို့ လူနာကလွဲပြီး အားလုံးကားပေါ်ကဆင်းပြေးကြရပါတယ်။ ကံကောင်းတာက ကားတံခါးကို လော့ချနိုင်ခဲ့လို့ လူနာလည်း အသက်အန္တရာယ်က လွတ်မြောက်ခဲ့ရတာပါ

ဟု ရောင်စုံ မေတ္တာလူမှုကူညီရေးအသင်းဥက္ကဌ ကိုအောင်မျိုးနိုင်က ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ညောင်ကန်ရဲတပ်ဖွဲ့သို့ ဖုန်းဖြင့်ဆက်သွယ်အကူအညီတောင်းခံရာ ရဲတပ်ဖွဲ့အင်အားစု စည်းနေရ၍တစ်ကြောင်း၊ လိုအပ်သည့်ရဲလုပ်ငန်းစဉ်များ ဆောင်ရွက် နေရ ၍တစ်ကြောင်းကြောင့် အခင်းဖြစ် ကျေးရွာသို့ ချက်ချင်းရောက်ရှိ မလာနိုင်သဖြင့် မကွေးတိုင်းရဲတပ်ဖွဲ့မှူးထံဆက်သွယ်အကူအညီတောင်းခံရာ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးကို တာဝန်ပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးရန်ကြိုးစားစဉ် လူနာ၏သားတော်စပ်သူ လှမင်းက အသက်(၅)နှစ်အရွယ် သမီးဖြစ်သူကို ကျောတွင်ပိုး၍ အကာအကွယ် ယူထားသောကြောင့် လက်နက်ချ၍ အသာတကြည် အဖမ်းခံရန် ရဲတပ်ဖွဲ့နှင့် ကျေးရွာလူကြီးများက ဖြောင်းဖျကြသော်လည်း အဖမ်းမခံဘဲ တုတ်ချွန်၊ အုတ်ခဲ တို့ဖြင့် ပစ်ပေါက်ခုခံနေသဖြင့် တုတ်ဒိုင်းကိုင်ရဲတပ်ဖွဲ့ ဝင်များကို အင်အားဖြည့်တင်းကာ အချိန်(၂)နာရီမျှကြာသည်အထိ စည်းရုံးပြောဆိုခဲ့ကြရကြောင်း သိရသည်။

တပ်ဖွဲ့ဝင်များက ၎င်း၏အနီးသို့ ကြိုးစားချဉ်းကပ်ကာ ကလေးကို ရယူနိုင်ခဲ့ကြသော်လည်း လက်နက်ချအဖမ်း မခံဘဲ ဓား၊ တုတ်ချွန်တို့ဖြင့် ပြန်လည်ခုခံကာ အမြင့် (၁၀)ပေခန့်ရှိနေအိမ်ပေါ်မှ ခုန်ချထွက်ပြေးသဖြင့်  အင်အားသုံးကာ လုံးထွေးသတ်ပုတ်ဖမ်းဆီးခဲ့ရကြောင်း သိရပြီး လှမင်းတွင်လည်း ဒဏ်ရာအချို့ရရှိသကဲ့သို့ ရဲတပ်ဖွဲ့ဝင်(၂)ဦး ဓားပြတ်ရှဒဏ်ရာအချို့ရရှိသွားကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အသက်(၃၀)နှစ်အရွယ်ရှိ လှမင်းအား ညောင်ကန်ရဲစခန်းတွင် (ပ)၂၀/၂၀၂၀၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့်လည်းကောင်း၊ (ပ)၂၁/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၂/ ၂၉၄/ ၅၀၆ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~