ထိုင်းနှင့် လာအိုမှ ပြည်တော်ပြန်လာသည့် တာချီလိတ်ဒေသခံများ အနေဖြင့် ဓာတ်ခွဲအဖြေရသည်အထိ Facility Quarantine ဝင်ရမည်

ထိုင်းနှင့် လာအိုမှ ပြည်တော်ပြန်လာသည့် တာချီလိတ်ဒေသခံများ အနေဖြင့် ဓာတ်ခွဲအဖြေရသည်အထိ Facility Quarantine ဝင်ရမည်
ဇွန် 22, 2020
By Tachileik News Agency
ထိုင်းနှင့် လာအိုမှ ပြည်တော်ပြန်လာသည့် တာချီလိတ်ဒေသခံများ အနေဖြင့် ဓာတ်ခွဲအဖြေရသည်အထိ Facility Quarantine ဝင်ရမည်

ထိုင်းနှင့်လာအိုနိုင်ငံများနှင့်နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်သို့ ဝင်လာသည့် ပြည်တော်ပြန်များအနက်  တာချီလိတ်ဒေသခံနှင့် ပြစ်ဒဏ်စေ့လွှဲပြောင်းခံရသူများကို ဓာတ်ခွဲအဖြေရသည်အထိ မိုးကုတ်တရားရိပ်သာရှိ facility quarantine centre တွင်ထားကာ ကျန်ပြည်တော်ပြန်များအား နေရပ်ဒေသများသို့ ချက်ချင်းပြန်ပို့မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ကို လွှဲတဲ့သူတွေကို သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ကိုလွှဲမယ်။ သက်ဆိုင်ရာဒေသကို ပြန်ရောက်သွားလို့ Quantine (၂၁) ရက်ဝင်ရင်း စစ်မှာပေါ့။ တာချီလိတ်က လူတွေဆိုရင်တော့ မိုးကုတ်ရိပ်သာမှာထားမယ်။ တစ်ပတ်ကြာရင် စစ်မယ်။ အဖြေထွက်တဲ့အချိန်ကျမှ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေထားတဲ့ Quantine ဆက်နေရမှာပေါ့

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့၌ ပြောသည်။

နယ်စပ်မှ ဝင်ရောက်လာသည့် ပြည်တော်ပြန်များကို ကနဦးတွင် နယ်စပ်မြို့များတွင် quarantine (၁၄) ရက်ထားပြီးမှ နေရပ်ပြန်ပို့ရာမှ quarantine (၂၁) ရက်သို့ ထပ်တိုးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် quarantine (၂၁)ရက် ပြည့်ခါနီးတွင် Quarantine ဝင်သူများ၏ (၅)ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းကို ဓာတ်ခွဲနမူနာ ရယူစစ်ဆေးနေရာမှ ပြည်တော်ပြန်များအား နယ်စပ်မြို့များတွင် quarantine (၂၁)ရက် မထားတော့ဘဲ ပြည်တွင်းရောက်သည်နှင့် အားလုံးကို ဓာတ်ခွဲနမူနာရယူစစ်ဆေးပြီး ဓာတ်ခွဲအဖြေရသည်နှင့် နေရပ်ပြန်ပို့သည့် စနစ်ကို ပြောင်းလဲ ကျင့်သုံးနေခြင်းဖြစ်သည်။

အဆိုပါ quarantine စနစ်ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်မှစ၍ COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ထပ်မံပြောင်းလဲလိုက်ပြီဖြစ်ကြောင်း သိရသည်။

အခု ယာယီပြောင်းလဲလိုက်တဲ့စနစ်က ပြည်တော်ပြန်တွေကို နယ်စပ်မြို့တွေမှာ အကုန်လုံးကို quarantine ထားစရာ မလိုတော့ဘူး။ အကုန်လုံးကိုလည်း စစ်စရာ မလိုတော့ဘူး။ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်ကလူတွေတို့ ထောင်အကျဉ်းသား(ပြစ်ဒဏ်စေ့လွှဲပြောင်းသူ)တွေကိုပဲ quarantine ထားပြီး ဓာတ်ခွဲစစ်ဆေးတာလုပ်ရမှာ။ ကျန်တဲ့သူတွေကိုတော့ နေရပ်ပြန်ခိုင်းမှာ

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောသည်။

ပြည်တော်ပြန်များကို နယ်စပ်မြို့ တစ်ခုတည်းတွင်သာ quarantine မထားတော့ဘဲ သက်ဆိုင်ရာ မြို့နယ်များအလိုက် quarantine ထားရှိမည်ဖြစ်ပြီး တာချီလိတ်ရှိ မိုးကုတ်ဝိပဿနာ quarantine center တွင်လည်း တာချီလိတ်ဒေသခံ ပြည်တော်ပြန်များအား စားသောက်စရိတ်မျှဝေကျခံစေသည့်စနစ်ဖြင့် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~