ကျိုင်းတုံမြို့နှင့် အနီးဝန်းကျင် ကျေးရွာများသို့ နိုင်ငံတော်ဓာတ်လျှပ်စစ်ဓါတ်အား စတင် ဖြန့်ဖြူး

ကျိုင်းတုံမြို့နှင့် အနီးဝန်းကျင် ကျေးရွာများသို့ နိုင်ငံတော်ဓာတ်လျှပ်စစ်ဓါတ်အား စတင် ဖြန့်ဖြူး
ဇွန် 27, 2020
By Tachileik News Agency
ကျိုင်းတုံမြို့နှင့် အနီးဝန်းကျင် ကျေးရွာများသို့ နိုင်ငံတော်ဓာတ်လျှပ်စစ်ဓါတ်အား စတင် ဖြန့်ဖြူး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ပုဂ္ဂလိကရေအားလျှပ်စစ်လုပ်ငန်းမှ ဓာတ်အားပေးဝေနေရာမှ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့မှစတင်ပြီး  နိုင်ငံတော်လျှပ်စစ်ဓာတ်အားကို စတင်ဖြန့်ဖြူးပြီဖြစ်သည်။

ကျွန်တော်တို့က  ခွဲရုံကနေ နမ့်လတ်ဘက်ကိုသွားတဲ့လိုင်း လွယ်မွေလမ်းတောက်လျှောက်ရှိတဲ့ ရွာတွေပါတာပေါ့။ အဲဒီလိုင်းကို ဒီကနေ ညနေ (၃)နာရီ (၄၆)မိနစ်မှာ စပေးလိုက်ပြီ။ ကျိုင်းတုံမြို့ပေါ်ရပ်ကွက်တွေကိုတော့ ညနေ (၅)နာရီ (၄၅)မိနစ်မှာ စပေးလိုက်ပြီ။ ကျွန်တော်တို့ ကျိုင်းတုံကို လက်ရှိမီးပေးတာမှာ ဓာတ်အားခွဲရုံ (၁)နဲ့ (၂)ဆိုပြီး ခွဲလိုက်တယ်။ ခွဲရုံ (၁)အပိုင်းက နိုင်ငံတော်ဓာတ်အားစနစ်နဲ့ ပေးထားတယ်။ ဓာတ်အားခွဲရုံ (၂)ကတော့ အရင်ကပေးနေတဲ့ ကျိုင်းတုံစွမ်းအင်ရေအားလျှပ်စစ်ကနေ ပေးထားတယ်

ဟု ကျိုင်းတုံခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးဇေယျာလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂၇)ရက်နေ့ ညပိုင်းတွင် ပြောသည်။

ကျိုင်းတုံမြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာပေါင်း (၁၈)ရွာဝန်းကျင်ကို ယခင်က ကျိုင်းတုံစွမ်းအင်ကုမ္ပဏီက ရေအားလျှပ်စစ်ဖြင့် ဓာတ်အားပေးနေခြင်းဖြစ်ပြီး လက်ရှိတွင် မဟာဓာတ်အားလိုင်း ထပ်ဖြည့်ပေးထားခြင်းဖြစ်သည်။

အခုဆိုရင် Voltage ကို ပြည့်ပြည့်ဝဝသုံးစွဲလို့ ရမယ်ပေါ့။ အရင်တုန်းကဆိုရင် လွယ်မွေလမ်းပေါ်မှာရှိတဲ့ ရွာတွေဆို မီးအားက Voltage က မပြည့်ဘူး။ မပြည့်တော့ ထရန်စဖော်မာတွေကို တင်ပေးထားရတာ။ အခုတော့ ပြည့်ပြည့်ဝဝ သုံးလို့ရသွားပြီ။ နောက်မြို့ပေါ်မှာဆိုရင်လည်း အရင်က ဓာတ်အားခွဲရုံ(၁)ကပေးထားတဲ့အပိုင်းတွေမှာ အရင်တုန်းကဆို ဓာတ်အားလိုင်းတစ်လိုင်းတင်ရင် ဝန်အားလျှော့ပြီး တင်ရတာ။ ဓာတ်အားလိုင်းတစ်ခုလုံး တင်လို့မရဘူး။ အခု နိုင်ငံတော်ဓာတ်အားလိုင်းနဲ့ကျတော့ ဝန်အားလျှော့တာတွေ မရှိတော့ဘူး

ဟု ကျိုင်းတုံခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးဇေယျာလင်းက  ပြောသည်။

မဟာဓာတ်အားလိုင်းမရသေးသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွက် ၂၃၀ ကေဗွီ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ မဟာဓာတ်အားလိုင်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှစတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကျိုင်းတုံမြို့နှင့် မိုင်းပျဉ်းမြို့များသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျိုင်းတုံမြို့ကို ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း လျှပ်စစ်မီး စတင်ဖြန့်ဖြူးပေးနိုင်ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျိုင်းတုံမြို့သည် နိုင်ငံတော်ဓါတ်အားလိုင်းကို စတင်သုံးစွဲနေပြီဖြစ်သော်လည်း တာချီလိတ်ခရိုင်အတွင်းမြို့များဖြစ်သည့် တာချီလိတ်မြို့သည် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို အသုံးပြုနေခြင်းဖြစ်ပြီး ကျိုင်းလပ် နှင့် တာလေမြို့တို့သည် လာအိုနိုင်ငံမှ လျှပ်စစ်မီးကို သုံးစွဲနေကြခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျိုင်းတုံ လျှပ်စစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~