တာချီလိတ်တွင် ညမထွက်ရအမိန့် ချိုးဖေါက်သူ (၂၄)ဦးရှိနေပြီး ထောင်ဒဏ် (၃) လစီ ပြစ်ဒဏ်ချမှတ်ထား

တာချီလိတ်တွင် ညမထွက်ရအမိန့် ချိုးဖေါက်သူ (၂၄)ဦးရှိနေပြီး ထောင်ဒဏ် (၃) လစီ ပြစ်ဒဏ်ချမှတ်ထား
ဇွန် 11, 2020
By Tachileik News Agency
တာချီလိတ်တွင် ညမထွက်ရအမိန့် ချိုးဖေါက်သူ (၂၄)ဦးရှိနေပြီး ထောင်ဒဏ် (၃) လစီ ပြစ်ဒဏ်ချမှတ်ထား

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့အထိ ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ကို ချိုးဖောက်သဖြင့် ထောင်ဒဏ် (၃) လချမှတ်ခံရသူ စုစုပေါင်း (၂၄) ဦးရှိကြောင်း သိရသည်။

ဒီနေ့အထိ စုစုပေါင်း (၂၄) ဦး အရေးယူထားပါပြီ။ အားလုံးက အမျိုးသားတွေချည်းပဲ။ ဖမ်းဆီးရမိထဲမှာ ထိုင်းနိုင်ငံသားတစ်ယောက်လည်း ပါတယ်

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးချမ်းမြေ့စောက  တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၁၁)ရက်နေ့တွင် ပြောသည်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ကာလအတွင်း COVID 19 ကာကွယ်ရေးအတွက် တာဝန်ပေးထားသူများ၊ လူနာနှင့် ကုန်တင်ယာဉ်များမှ လွဲ၍ ည (၁၂)နာရီမှ နံနက် (၄)နာရီအတွင်း အပြင်ထွက် သွားလာခွင့်မရှိကြောင်းနှင့် ချိုးဖေါက်သူများကို ပုဒ်မ (၁၈၈) ဖြင့် ခြွင်းချက်မရှိ အရေးယူမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး သတိပေးထားပြီး လှည့်ကင်းအဖွဲ့များဖြင့် လိုက်လံစစ်ဆေးနေခြင်းဖြစ်သည်။

ပုဒ်မ (၁၄၄) ရဲ့အဓိပ္ပာယ်က ဒေသခံအာဏာပိုင်ရဲ့အမိန့်ကို မလိုက်နာလို့ရှိရင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၁၈၈) နဲ့ အရေးယူရတာပေါ့။ အရေးယူတဲ့အခါမှာ လိုင်စင်မဲ့ကား၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေ့မယ်ဆိုရင် ပို့/သွင်း (၈) နဲ့ထပ်ပြီး အရေးယူတယ်။ နိုင်ငံခြားသားဖြစ်မယ်ဆိုရင် သူ့ကို လဝက (၁၃/၁) နဲ့ ထပ်အရေးယူတယ်။ အိမ်ရှင်ကို (၁၃/၅) နဲ့ အရေးယူတယ်။ ပုဒ်မ (၁၈၈) နဲ့အရေးယူတာဖြစ်တဲ့အတွက် (၁၈၈) က ရဲအရေး မပိုင်ဘူး။ မပိုင်တဲ့အတွက် သူတို့ကိုရဲစခန်းမှာ ချုပ်ထားလို့မရဘူး။ ရုံးဖွင့်ရက် ရုံးချိန်မှာ တရားရုံးကို ချက်ချင်းတင်ပို့ရတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီးတော့ တရားရုံး ဦးတိုက်လျှောက်ရတယ်။ တကယ်လို့ ပို့/သွင်း (၈) တို့ လဝက (၁၃/၁) တို့ (၁၃/၅) တို့ဆိုရင် ရဲအရေးပိုင်လို့ ချုပ်ထားပြီးတော့ တရားစွဲတင်တယ်

ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာလေနှင့် ကျိုင်းလပ်မြို့အပါအဝင် တာချီလိတ်မြို့နယ်အတွင်း ၂၀၂၀ ခုနှစ် ဧပြီလ (၂၀)မှစ၍ ည (၁၀) နာရီမှ နံနက် (၄)နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ထားရာမှ မေလ (၁၅) ရက်နေ့မှစတင်ပြီး ည (၁၂) နာရီမှ နံနက် (၄) နာရီအတွင်းကို ပြင်ဆင်သတ်မှတ်ထားခြင်းဖြစ်သည်။

အဆိုပါ ညမထွက်ရ အမိန့်သည် ၂၀၂၀ခုနှစ် ဇွန်လ(၂၂)ရက်နေ့အထိ သက်ဝင်နေမည်ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~