ကယားပြည်နယ်တွင် ခွေးဂေဟာတည်ဆောက်ရန် တင်ဒါအောင်သည့် ကုမ္ပဏီ လုပ်ငန်းရပ်သွားပြီး ပြည်နယ်စည်ပင်သို့ ငွေပြန်မသွင်းနိုင်၍ တရားစွဲဆိုခံရမည်

ကယားပြည်နယ်တွင် ခွေးဂေဟာတည်ဆောက်ရန် တင်ဒါအောင်သည့် ကုမ္ပဏီ လုပ်ငန်းရပ်သွားပြီး ပြည်နယ်စည်ပင်သို့ ငွေပြန်မသွင်းနိုင်၍ တရားစွဲဆိုခံရမည်
ဇွန် 13, 2020
By Tachileik News Agency
ကယားပြည်နယ်တွင် ခွေးဂေဟာတည်ဆောက်ရန် တင်ဒါအောင်သည့် ကုမ္ပဏီ လုပ်ငန်းရပ်သွားပြီး ပြည်နယ်စည်ပင်သို့ ငွေပြန်မသွင်းနိုင်၍ တရားစွဲဆိုခံရမည်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ခွေလေခွေးလွင့်  ဂေဟာတည်ဆောက်ရန် ကျပ် (၂၈၇.၁၄) သန်းဖြင့် တင်ဒါရရှိထားသည့် ကုမ္ပဏီမှာ ဒေသခံများ၏ ကန့်ကွက်မှုကြောင့် လုပ်ငန်း ရပ်ဆိုင်းသွားပြီး စည်ပင်သို့ ပြန်လည်ပေးသွင်းရမည့် (၅၁)သန်းကျော် ပေးသွင်းနိုင်ခြင်း မရှိ၍ ပြည်နယ်စည်ပင်က တရားစွဲဆိုရန် ဆောင်ရွက်နေကြောင်း သိရသည်။

ခွေးလေခွေးလွင့်များအား ထိန်းသိမ်းစောင့်ရှောက်မည့် ခွေးဂေဟာတစ်ခု တည်ဆောက်ရန် ပြည်နယ်စည်ပင် သာယာရေးအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်  ငွေလုံးငွေရင်းခွင့်ပြုငွေကျပ် (၂၈၇.၁၄)သန်းဖြင့် စောဌေးမြင့် ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းရပ်ဆိုင်းသွားသည့်အတွက် ကုမ္ပဏီမှ ပြန်လည်ပေးသွင်းရမည့် ကျပ်(၅၁.၄၃၄၉) သန်းကို ပေးသွင်းရန် ပျက်ကွက်နေခြင်းဖြစ်ကြောင်း သိရသည်။

စောဌေးမြင့် ကုမ္ပဏီက ပြည်နယ်စည်ပင်ကို ပြန်ပေးသွင်းရမယ့် (၅၁.၄၃၄၉)ကျပ်သန်းကို (၆)လအတွင်းပေးဖို့ ကတိခံဝန်ချက်နဲ့အတူ အဖွဲ့ရုံးသို့တင်ပြလာတဲ့တွက်ကြောင့် (၄)လပိုင်း ၂၀၂၀ မှာခြောက်လပြည့် ပြီဖြစ်လို့ အမြန်ဆုံးလာရောက်ပေးသွင်းဖို့ ပျက်ကွက်ပါက တင်ဒါလုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူမည်ဖြစ်ကြောင်းကို (၇.၄.၂၀၂၀)မှာတစ်ကြိမ် ၊ (၂၁.၅. ၂၀၂၀) မှာတစ်ကြိမ်၊ (၄.၅.၂၀၂၀)မှာတစ်ကြိမ် စုစုပေါင်း သုံးကြိမ်အကြောင်းကြားသော်လည်း လာရောက်မပေးသွင်းလို့တရားစွဲဆိုနိုင်ရေးအတွက် ဥပဒေအကြံပြုချက်ရယူပြီး ဆက်လက်ဆောင်ရွက်နေပါတယ် 

ဟု ပြည်နယ်စည်ပင်သာယာရေး နှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက  ပြည်နယ်လွှတ်တော်တွင် တင်ပြသည်။

 ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့တွင်ပြုလုပ်သည့်  ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလထိ အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီမှ စိစစ်တွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက  ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

တင်ဒါရရှိသည့် စောဌေးမြင့် ကုမ္ပဏီသည် လုပ်ငန်းဆောင်ရွက်ရာတွင် ဒေသခံများကန့်ကွက်မှုကြောင့် နှစ်ကြိမ်တိုင်တိုင် ရွှေ့ပြောင်းခဲ့ရပြီးနောက် လုပ်ငန်းဆက်လက်လုပ်ကိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းသွားသဖြင့် ပြည်နယ်စည်ပင်သာယာရေးဌာနသို့ ငွေကျပ် (၅၁.၄၃၄၉)သန်း ပြန်လည်ပေးသွင်းရန် ကျန်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီအနေဖြင့် လုပ်ငန်းလုပ်ဆောင်ရန် သံထည်ပစ္စည်းများအား ကြိုတင် စနစ်ဖြင့်မှယူထားပြီး လုပ်ငန်းရပ်သွား၍ အမှာစာ များအား ပြန်လည်ဖျက်သိမ်းပေးရန်နှင့် ကြိုတင်ငွေ ပြန် လည်ထုတ်ပေးဖို့ သံစက်ရုံအား ညှိနှိုင်းခဲ့သော်လည်း ဖျက်သိမ်း ခြင်းမပြုဘဲ သံထည်ပစ္စည်းများ ပေးပို့လာ၍ ပိုလျှံနေကာ လုပ်ငန်းအာမခံံငွေကိုလည်း ပြန်လည်ထုတ် ယူခွင့်မရသောကြောင့် ကုမ္ပဏီမှာ  အကြပ်အတည်းနှင့်ရင်ဆိုင်နေ ရကြောင်း ပြည်နယ်အစိုးရထံ  တင်ပြထားခဲ့ကြောင်း သိရသည်။

စောဌေးမြင့် ကုမ္ပဏီမှ သံထည်ပစ္စည်းများ အားပြန်လည်ရောင်းချပြီးတဲ့ထိ ငွေပေးသွင်းမှုအား (၆)လခန့် စောင့်ဆိုင်းပေးရန် တင်ပြလာသောကြောင့် ပြည်နယ်အစိုးရ မှစောင့်ဆိုင်းပေးခဲ့ပြီး ယခု ၂၀၂၀ တွင် (၆)လပြည့်၍ သုံးကြိမ်တိုင်တိုင် ငွေပေးသွင်းရန် အကြောင်း ကြားထားသော်လည်း လာရောက်ပေးသွင်းခြင်းမရှိ၍ တရားစွဲဆိုရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်တွင် ခွေးလေခွေးလွင့်များအား အဆိပ်ချရှင်းလင်းခြင်းမပြုဘဲ စနစ်တကျ  ထိန်းသိမ်း စောင့်ရှောက်ရန် ခွေးဂေဟာ တည်ဆောက်ရန် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်  ပြည်နယ်စည်ပင်သာယာရေး ကော်မတီ၏ ငွေလုံးငွေရင်းခွင့်ပြုငွေ (၂၈၇.၁၄)သန်းဖြင့် လျာထားဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ကယားပြည်နယ်လွှတ်တော်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~