တာချီလိတ်မြို့နယ်အတွင်း မိုင်းကိုးတွင် ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ

တာချီလိတ်မြို့နယ်အတွင်း မိုင်းကိုးတွင် ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ
ဇွန် 8, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း မိုင်းကိုးတွင် ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်ဟတ်ရွာတွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၈)ရက်နေ့ နေ့လယ်ပိုင်းက မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး ယာဉ်ငယ်မှ ယာဉ်မောင်းဖြစ်သူမှာ ညပ်မိနေသဖြင့် မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေး အကူအညီဖြင့် ဆွဲထုတ်ထားရကြောင်း သိရသည်။

“ဟိုဘက်က ကားအမြင့်ကတော့ ယာဉ်မောင်း ဘာမှမဖြစ်ဘူး။ ဆောက်လုပ်ရေးပစ္စည်းတွေ တင်ထားတာတော့တွေ့တယ်။ ဒီဘက်က ကားအနိမ့်ပေါ်က (၃)ယောက်ဒဏ်ရာရတယ်။ ယာဉ်မောင်းကတော့ မီးသတ်အကူအညီနဲ့ ဆွဲထုတ်နေရတာ အခုပဲ ရသွားပြီ။ အခင်းဖြစ်စဉ်ကတော့ အခုမှ စစ်ဆေးဆဲပဲရှိပါသေးတယ်” ဟု အခင်းဖြစ်နေရာတွင် ရောက်နေသည့် အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု (တာချီလိတ်ခရိုင်) တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်မင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့  နေ့လယ် (၁)နာရီခွဲဝန်းကျင်တွင် ပြောသည်။

မိုင်းကိုးကျေးရွာအုပ်စု၊ ပန်ဟတ်ကျေးရွာတွင် ဆောက်လုပ်ရေးသုံးပစ္စည်းများ တင်လာသည့် မော်တော်ယာဉ်နှင့် လူ(၃)ဦးလိုက်ပါလာသည့် မော်တော်ယာဉ်တို့တိုက်မိ၍ ယာဉ်မောင်းအပါအဝင် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦး ဒဏ်ရာရသဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ တာချီလိတ်နာရေးကူညီမှုအသင်းက လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးထားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးနေဆဲဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~