ကယားပြည်နယ်ရှိ မော်တော်ယာဉ်လိုင်းများအား ခရီးသည်တစ်ဝက်ဖြင့် ပြန်လည် ပြေးဆွဲခွင့်ပြု

ကယားပြည်နယ်ရှိ မော်တော်ယာဉ်လိုင်းများအား ခရီးသည်တစ်ဝက်ဖြင့် ပြန်လည် ပြေးဆွဲခွင့်ပြု
ဇွန် 7, 2020
By Tachileik News Agency
ကယားပြည်နယ်ရှိ မော်တော်ယာဉ်လိုင်းများအား ခရီးသည်တစ်ဝက်ဖြင့် ပြန်လည် ပြေးဆွဲခွင့်ပြု

ကယားပြည်နယ်တွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းများအား မူလ တင်ဆောင်နိုင်သော ခရီးသည်ဦးရေတစ်ဝက်ကို ဈေးနှုန်းနှစ်ဆနီးပါးဖြင့် သတ်မှတ်ကာ ဇွန်လအတွင်း ပြန်လည် ပြေးဆွဲခွင့်ပြုထားကြောင်း သိရသည်။

“ပြည်နယ်အစိုးရက (၁) ရက်နေ့ကစပြီး ပြန်ပြေးဆွဲခွင့်ပြုတော့ ကျွန်တော်တို့က မော်တော်ယာဉ်လုပ်ငန်း ရှင်တွေကို အကုန်ခေါ်ပြီးတွေ့တယ်။ အဲဒီမှာ ယာဉ်ကြီးပဲဖြစ်ဖြစ် ယာဉ်ငယ်ပဲဖြစ်ဖြစ် အရင်ကဆယ့်ငါးခုံပါရင် အခု (၇)ခုံပဲတင်ရမယ်။ ခုံ(၄၀)ပါရင် (၂၀)ပဲတင်ရမယ်လို့ သတ်မှတ်ထားတယ်။ တစ်ခုံထဲကတော့ ကိစ္စမရှိဘူး နှစ်ခုံတွဲကိုတော့ တစ်ယောက်ပဲပေါ့။ တစ်ဝက်ပဲတင်ရမယ်လို့ ကျွန်တော်တို့ သတ်မှတ်ထားပါတယ် ”ဟု ကယားပြည်နယ်ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီမှ ရုံးအုပ်ကြီး ဦးဝင်းမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယာဉ်စီးနင်းခကို ယခင်ကထက် နှစ်ဆမှ ကျပ် (၅၀၀၀)ပြန်လျှော့သည့်နှုန်းထားဖြင့် ပြေးဆွဲခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

ဥပမာ ရန်ကုန်ကို လူတစ်ယောက်ကို နှစ်ဆဈေးနှုန်း နှစ်ခုံစာ (၄၀၀၀၀)နဲ့ သွားတယ်ဆိုရင် အဲဒီထဲက (၅၀၀၀)ကိုပြန်နှုတ်လိုက်ပြီး (၃၅၀၀၀) နဲ့သွားရမယ်ပေါ့။ အဲဒီလိုဖြေလျော့ထားဖို့ အကုန်သဘောတူထားတယ်။ တစ်ချို့ယာဉ်လိုင်း ပြည်တွင်းတို့ ဘာတို့တော့ သူကစကေးအတိုင်း (၃၀၀၀) လျော့တာ (၂၀၀၀)လျော့တာတွေရှိတယ်။ ခုလောလောဆယ်တော့ ယာဉ်တွေ စထွက်တာလည်းရှိနေပြီ ။ စထွက်ဖို့ပြင်နေတာလည်း ရှိတယ်။ နောက်ဆိုရင်တော့ ဒီရောဂါပြီးရင် အစိုးရကသတ်မှတ်တဲ့ မူလဈေးနှုန်းအတိုင်း ပြန်ဖြစ်လာမှာပေါ့

ဟု ကယားပြည်နယ်ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီမှ ရုံးအုပ်ကြီး ဦးဝင်းမောင်ကပြောသည်။

ကယားပြည်နယ်တွင်းနှင့် အခြားပြည်နယ်တိုင်းဒေသကြီးများသို့ ပြေးဆွဲမည့် ယာဉ်လိုင်းများအနေဖြင့် ည (၁၂)နာရီမှ နံနက်(၄) နာရီအတွင်း ပြည်နယ်တွင်း ဝင်ထွက်ခြင်းမပြုရန်၊ ယာဉ်စီးခအား လက်ရှိနှုန်းထား၏နှစ်ဆအား (၅၀၀၀)ကျပ်လျော့၍ကောက်ခံကာ ခရီးသည်တစ်ဝက်သာတင်ရန်၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အချက်များအား လိုက်နာ၍စစ်ဆေးပြီးမှသာ ထွက်ခွာရန် နှင့် လိုက်နာမှုမရှိသော ယာဉ်များအား တည်ဆဲဥပဒေဖြင့်အရးယူသွားမှာဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့က ကြေညာထားသည်။

အရေးကြီးကုန်စည်ပို့ဆောင်ရန်ရှိသော ကုန်တင်ယာဉ်များနှင့် အရေးပေါ်သွားလာရန်ရှိသော ယာဉ်ကြီး ယာဉ်ငယ်များအနေဖြင့် ကန့်သတ်ချိန်အတွင်း သွားလိုပါက ကယားပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုထောက်ခံချက် ရယူ၍သွားလာနိုင်ကြောင်း သိရသည်။

ကယားပြည်နယ်တွင် လွိုင်ကော်မြို့အဝေးပြေးယာဉ်ရပ်နားစခန်းကို အခြေပြု၍ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် ယာဉ်လိုင်းပေါင်း(၇၀)ကျော် ရှိပြီး ဧပြီလမှစ၍ (၂) လကြာ မော်တော်ယာဉ်လိုင်းပြေးဆွဲမှုအား ရပ်နားထားခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~