ပုဂံတွင် စေတီအချို့၏ ဌာပနများ ဖောက်ထွင်းခံရ၍ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေဖြင့် အမှုဖွင့် စုံစမ်းနေ

ပုဂံတွင် စေတီအချို့၏ ဌာပနများ ဖောက်ထွင်းခံရ၍ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေဖြင့် အမှုဖွင့် စုံစမ်းနေ
ဇွန် 12, 2020
By Tachileik News Agency
ပုဂံတွင် စေတီအချို့ ဌာပနများ ဖောက်ထွင်းခံရ၍ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေဖြင့် အမှုဖွင့် စုံစမ်းနေ

ညောင်ဦးခရိုင်အတွင်း ပုဂံမြို့ဟောင်းမှ စေတီအချို့တွင် ဌာပနာဖောက်ထွင်းခံရမှုများ ဇွန်လ(၈)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း ဖြစ်ပွားခဲ့၍ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

“ဌာပနာ ဖောက်ခံရတဲ့စေတီတွေဟာ အလှူရှင်တွေက ရှေးဟောင်း ယဉ်ကျေးမှုဌာနရဲ့ ကြီးကြပ်မှုနဲ့ ၁၉၉၇ခုနှစ်နောက်ပိုင်းမှ အုတ်ပုံနေရာတွေမှာ ပြန်ပြီးတော့ တည်ခဲ့တဲ့စေတီတွေက များပါတယ်။ ဌာပနာတွေ ကလည်း ရှေးဟောင်းလက်ရာတွေမဟုတ်ဘဲ ဒီခေတ်လက်ရာတွေဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်”ဟု ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက မီဒီယာများသို့ ပြောသည်။

ဌာပနာဖောက်ခံရသည့် စေတီများမှာ လူအရောက်အပေါက်နည်းသော နေရာများတွင် တည်ရှိသည့် စေတီ ငယ်များသာဖြစ်ပြီး အထင်ကရ ရှိနေသည့် ရှေးဟောင်းစေတီများမှာ လုံခြုံရေးများထားရှိသဖြင့် ဖောက် ထွင်းခံရမည်ကို စိုးရိမ်ဖွယ်မရှိဟု သိရသည်။

ဌာပနာဖောက်ခံရသည့် စေတီများအနက် (၅)ဆူသာ လတ်တလော ဖောက်ခံထားရခြင်းဖြစ်ပြီး (၁၀)ဆူမှာ လွန်ခဲ့သည့် လအနည်းငယ်ခန့်ကတည်းက ဖောက်ခံထားခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း သိရသည်။

“စေတီ (၅)ဆူက လတ်တလော အဖောက်ခံထားရတာဖြစ်ပြီး (၁၀)ဆူက ဖောက်ထားတဲ့နေရာမှာ ငှက်သိုက် တွေ မြွေရေခွံတွေကို တွေ့ရှိရလို့ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ဖောက်ခံထားရတာဖြစ်တယ်လို့ သုံးသပ်ရပါတယ်။ ကျန်တဲ့ (၂၃)ဆူကတော့ စေတီတွေ စတည်စဉ်ကတည်းက ဌာပနာထည့်သွင်းဖို့ အပေါက်ပဲဖောက်ထားတာဖြစ်ပြီး ဌာပနာထည့်သွင်းပူဇော်ပြီးခြင်း မရှိသေးတာကိုလည်း တွေ့ရှိရပါတယ်”ဟု ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက် က ပြောသည်။

ယခုအခါ မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ရှေးဟောင်းသုတေသန၊ မီးသတ်နှင့် ရဲတပ်ဖွဲ့တို့က နေ့/ည လှည့်ကင်း၊ ဝတ်ကင်းများဖြင့် လုံခြုံရေး အထူးဆောင်ရွက်လျှက်ရှိနေကြောင်း သိရပြီး ပုဂံရှေးဟောင်း ဇုံအတွင်း ဇွန် (၈) ရက်နေ့မှ (၁၀) ရက်နေ့အတွင်း စေတီ (၃၃) ဆူ၏ ဌာပနာ ကွမ်းတောင်များမှာ အဖောက်ခံရသည်ကို တွေ့ရှိရကာ ရှေးဟောင်းနံရံဆေးရေးပန်ချီများရှိသည့် လောကထိပ်ပန် ဘုရားမုဒ်ဝ၌ ကာရံထားသော ဝါးယင်းလိပ်မှာလည်း ဇွန် (၉) ရက်နေ့က မီးရှို့ခံခဲ့ရကြောင်း သိရသည်။

ယင်း ဖြစ်စဉ်များနှင့်ပတ်သက်၍ ပုဂံရဲစခန်းတွင် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေးအတွက် အပူတပြင်းစုံစမ်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ-J Ko


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~