မြဝတီ - မဲဆောက်နယ်စပ်မှတစ်ဆင့် ရှမ်းပြည်နယ်တွင်းသို့ (၁၃) ရက်အတွင်း (၁,၁၀၇)ဦး နေရပ် ပြန်လာ

မြဝတီ - မဲဆောက်နယ်စပ်မှတစ်ဆင့် ရှမ်းပြည်နယ်တွင်းသို့ (၁၃) ရက်အတွင်း (၁,၁၀၇)ဦး နေရပ် ပြန်လာ
ဇွန် 10, 2020
By Tachileik News Agency

 မြဝတီ - မဲဆောက်နယ်စပ်မှတစ်ဆင့် ရှမ်းပြည်နယ်တွင်းသို့ (၁၃) ရက်အတွင်း (၁,၁၀၇)ဦး နေရပ် ပြန်လာ

ရှမ်းပြည်နယ်တွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့အထိ မဲဆောက် -  မြဝတီနယ်စပ်မှတစ်ဆင့်  ပြန်ဝင်လာသည့် ထိုင်းနေရပ်ပြန် (၁,၁၀၇) ဦးကို တောင်ကြီး၊ ညောင်ရွှေနှင့် ပင်းတယတို့တွင် Facility Quarantine ထားရှိပြီး ဓာတ်ခွဲနမူနာစစ်ဆေးပြီးမှ နေရပ်အသီးသီးသို့ ပြန်ပို့ပေးထားသူ (၂၀၂)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

မြဝတီကနေ ကျွန်တော်တို့ဆီ ဝင်လာတဲ့သူတွေကို ရက်အလိုက် နေရာရွေးပြီး ထားလိုက်တယ်။ သူတို့ပြန်ချင်လည်း ပေးမပြန်ဘူး။ (၅) ရက်ပြည့်တဲ့အခါ ယူပြီးတော့ အမျိုးသားဓာတ်ခွဲကိုပို့တယ်။ အဖြေက Negative ထွက်တယ်ဆိုမှ အသုတ်လိုက် အသုတ်လိုက် သူပြန်ချင်တဲ့မြို့ကို ပေးပြန်တယ်။ သူ့မြို့မှာတော့ (၂၁) ရက်ပြည့်အောင်တော့ ဆက်နေရတာပေါ့။ ထိန်းလိုက်တာပေါ့။ ပထမဆုံး (၂၁) ရက်နေ့က ပြန်လာတာ (၃၉) ယောက်ရှိတယ်။ ရှမ်းမြောက်လည်း ပါတယ်။ ရှမ်းရှေ့လည်းပါတယ်

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ဖြစ်သူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်တွင်း လက်ခံထားသည့် မြဝတီနယ်စပ်မှ ပြည်တော်ပြန်များအနက် (၂၀၂) ဦး ဓာတ်ခွဲအဖြေရ၍ နေရပ်ပြန်သွားကာ ကျန် (၉၀၅)ဦးမှာ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

COVID 19 ကြောင့် နိုင်ငံတွင်း အရေးပေါ်အခြေအနေကြေညာထားသည့် ထိုင်းနိုင်ငံတွင်းမှ  နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများကို နှစ်နိုင်ငံ တာဝန်ရှိသူများ ညှိနှိုင်းမှုဖြင့် မြဝတီနယ်စပ်မှ အဓိကပြန်ပို့ပေးနေခြင်းဖြစ်ပြီး အခြားနယ်စပ်လမ်းကြောင်းများမှ မိမိအစီအစဉ်ဖြင့် ပြန်လိုသူများကိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုပေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်းသို့ ထိုင်းနိုင်ငံဘက်မှ နေရပ်ပြန်လာသူများကို တစ်ကြိမ်လျှင် လူဦးရေ (၄၀၀)အထိကို လက်ခံထားသည့် နယ်စပ်မြို့၌ quarantine ထားရှိကာ ဓာတ်ခွဲစစ်ဆေးပြီးမှ သက်ဆိုင်ရာ နေရပ်အသီးသီး ပြန်ပို့ပေးနေခြင်းဖြစ်ပြီး လူဦးရေ (၄၀၀) ကျော်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပြန်ပို့ကာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းဖြစ်သည်။

မြဝတီနယ်စပ်ဂိတ်မှ ပြန်ဝင်လာသည့် ရှမ်းပြည်နယ်တွင်းနေထိုင်သူများကို မေလ (၂၇)ရက်နေ့ကစ၍ လက်ခံထားခြင်းဖြစ်ပြီး တောင်ကြီးမြို့ မိုးကုတ်ဝိပဿနာရိပ်သာ၊ ရွှေညောင်တည်းခိုရိပ်ရေးစခန်း၊ ပင်းတယ မိုးကုတ်ဝိပဿနာကျောင်း၊ ညောင်ရွှေ သက်မွေးသင်တန်းကျောင်း၊ ခေတ်ဆန်းယဉ်သင်တန်းကျောင်း၊ ဟဲဟိုးစိုက်ပျိုးရေးသိပ္ပံကျောင်း၊ တောင်ကြီး ကွန်ပျူတာတက္ကသိုလ်၊ တောင်ကြီး ကမ္ဘောဇရိပ်သာ၊ ဟိုပုံး နောင်တောင်းပရဟိတကျောင်းတို့တွင် ဝင်လာသည့်နေ့အလိုက်ခွဲ၍ quarantine ထားကာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းကို လုပ်ဆောင်နေကြောင်း သိရသည်။

 Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~