အိန္ဒိယမှ ပြန်လာသည့် တပ်မတော်သားများကို ဒုတိယအကြိမ် ဓာတ်ခွဲ စစ်ဆေးရာမှ တပ်မတော်သား (၄)ဦးတွင် Covid-19 ပိုးတွေ့

အိန္ဒိယမှ ပြန်လာသည့် တပ်မတော်သားများကို ဒုတိယအကြိမ် ဓာတ်ခွဲ စစ်ဆေးရာမှ တပ်မတော်သား (၄)ဦးတွင် Covid-19 ပိုးတွေ့
ဇွန် 1, 2020
By Tachileik News Agency

အိန္ဒိယမှ ပြန်လာသည့် တပ်မတော်သားများကို ဒုတိယအကြိမ် ဓာတ်ခွဲ စစ်ဆေးရာမှ  တပ်မတော်သား (၄)ဦးတွင် Covid-19 ပိုးတွေ့ 

ကျန်းမာရေးနှင့်အားကစားဝန်းကြီးဌာန၏ ၂၀၂၀ခုနှစ် ဇွန်လ(၁)ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ချက်အရ အတည်ပြုလူနာများဖြစ်လာသည့် အိန္ဒိယပြန် တပ်မတော်သား (၄)ဦးမှာ ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးမှုတွင် COVID 19 ပိုးမတွေ့ရကြောင်း ဓာတ်ခွဲအဖြေရရှိထားသူများဖြစ်ကြသော်လည်း ဒုတိယအကြိမ်အဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ဓာတ်ခွဲနမူနာပို့စစ်ရာမှ COVID 19 ပိုးကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမှ သင်တန်းတက်ရောက်ပြီး မေလ (၂၄) ရက်နေ့က  မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့်  ပြန်လည် ရောက်ရှိလာသည့် တပ်မတော်သား (၁၈) ဦးအား  ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အသွားအလာကန့်သတ် သီးခြားစောင့်ကြည့်ထားလျက်ရှိပြီး ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးခဲ့ရာ COVID-19  ရောဂါပိုး မတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ တပ်မတော်သားများ စီးနင်းလိုက်ပါလာသည့် လေယာဉ်ဖြင့် လိုက်ပါလာသူများအနက် (၁၇)ဦးတွင် COVID-19  ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မေလ (၃၀) ရက်နေ့က ထုတ်ပြန်ခဲ့သဖြင့် အိန္ဒိယနိုင်ငံမှ ပြန်လာသည့် တပ်မတော်သားများ၏ ဒုတိယအကြိမ် ဓာတ်ခွဲနမူနာများကို အမျိုးသားဓာတ်ခွဲဌာန(NHL)သို့ ပေးပို့ စမ်းသပ် စစ်ဆေးရာမှ တပ်မတော်သား (၄)ဦး၌ COVID 19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

 အတည်ပြုလူနာ တပ်မတော်သား (၄)ဦးကို တပ်မတော်အသည်းရောဂါအထူးကု ဆေးရုံကြီး (မင်္ဂလာဒုံ)သို့ ပို့ဆောင်၍ ကုသပေးနေပြီး အခြေအနေကောင်းမွန်နေကြောင်း သိရသည်။

အဆိုပါ တပ်မတော်သား အတည်ပြုလူနာ (၄)ဦးအပါအဝင် မြန်မာနိုင်ငံတွင်း ဇွန်လ(၁)ရက်နေ့ နံနက်ပိုင်းအထိ အတည်ပြုလူနာ (၂၂၈)ဦးတွေ့ရှိထားသည့်အနက် ပြန်လည်သက်သာလာသူ (၁၃၈)ဦးနှင့် သေဆုံးသူ (၆)ဦးရှိကာ ကျန်လူနာများမှာ ကုသမှုခံယူနေဆဲဖြစ်သည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~