လာအိုနိုင်ငံမှ ပြန်လာမည့် မြန်မာနိုင်ငံသား (၂၀၀)ကျော်ကို ဇွန်လ(၂၄)ရက်နေ့တွင် တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်း၌ လက်ခံပေးပြီး တစ်ခါတည်း နေရပ်ပြန်လွှတ်မည်

လာအိုနိုင်ငံမှ ပြန်လာမည့် မြန်မာနိုင်ငံသား (၂၀၀)ကျော်ကို ဇွန်လ(၂၄)ရက်နေ့တွင် တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်း၌ လက်ခံပေးပြီး တစ်ခါတည်း နေရပ်ပြန်လွှတ်မည်
ဇွန် 20, 2020
By Tachileik News Agency
လာအိုနိုင်ငံမှ ပြန်လာမည့် မြန်မာနိုင်ငံသား (၂၀၀)ကျော်ကို ဇွန်လ(၂၄)ရက်နေ့တွင် တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်း၌ လက်ခံပေးပြီး တစ်ခါတည်း နေရပ်ပြန်လွှတ်မည်

လာအိုနိုင်ငံတွင် ရောက်ရှိ အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၁၀,၀၀၀)ကျော်အနက် နေရပ်ရန် စာရင်းပေး တင်ပြလာသည့် (၂၀၀)ကျော်ကို ၂၀၂၀ခုနှစ် ဇွန်လ(၂၄)ရက်နေ့တွင်  တာချီလိတ်မြို့ရှိ ဝမ်ပုံဆိပ်ကမ်း၌  လက်ခံပေးသွားပြီး နေရပ်သို့ တစ်ခါတည်း ပို့ဆောင်ကာ မိမိတို့ ဒေသရောက်မှသာ Quarantine ဝင်ရင်း Covid-19 စစ်ရမည် ဖြစ်ကြောင်း သိရသည်။

လာအိုဘက်က ပြန်မဲ့သူတွေကို (၂၄)ရက်နေ့ လက်ခံပေးမယ်။ အခုနောက်ဆုံး ကျန်းမာရေးရဲ့ ညွှန်ကြားချက်အရ သူတို့ကို မိုးကုတ်ရိပ်သာမှာ Quarantine မထားတော့ဘူး အရင်လိုပဲ တန်းလွှတ်တော့မှာ သူတို့ ရောက်တဲ့ ဒေသမှာ Quarantine ဝင်ပြီး Covid-19 စစ်ရမှာပေါ့၊  ဒီကနေပြီးတော့ ကားတွေနဲ့ လွတ်လိုက်မယ်၊ သူ့သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်မှာ Quarantine ဝင်ရမယ်၊ ဝင်ရင်းနဲ့ ကိုဗစ် စစ်ကြမှာပေါ့၊

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂၀)ရက်နေ့တွင် ပြောသည်။

လာအိုနိုင်ငံမှ ပြန်မည့်သူများအနေဖြင့် တုန်ဖိန်းမြို့နယ်၊ မိုင်းမောဆိပ်ကမ်းတွင် လှေစီးခများကို မိမိအစီအစဉ်ဖြင့်သာ ကျခံရမည်ဖြစ်ပြီး တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်းတွင် သက်ဆိုင်ရာများက  လက်ခံပေးကာ ကျန်းမာရေး စစ်ဆေးခြင်း အချက်အလက် စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီက စီစဉ်ပေးထားသည့် ယာဉ်လိုင်းများဖြင့် နေရပ်သို့ ပြန်ရမည်ဖြစ်သည်။

သက်ဆိုင်ရာဌာနများက လမ်းခရီးတွင် အခက်အခဲ မဖြစ်စေရန် တောင်ကြီးအထိ ကားများကို စီစဉ်ပေးမည်ဖြစ်သော်လည်း ယာဉ်စီးခများကို ကျသင့်သလောက် မိမိတို့အစီအစဉ်ဖြင့်သာ ကျခံရမည်ဖြစ်ကြောင်း သိရသည်။

ယခင်က တာချီလိတ်သို့ ထိုင်းနိုင်ငံ နှင့် လာအိုနိုင်ငံမှ ဝင်ရောက်လာသူများကို တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာရှိ Facility Quarantine Center တွင် သတ်မှတ်ထားရှိပြီး Covid-19 စစ်ဆေးခြင်းများကို ဆောင်ရွက်သော်လည်း ကျန်းမာရေးက နောက်ဆုံးညွှန်ကြားထားသည့် ညွန်ကြားချက်အရ (၇)ရက်နေ့ပြီးမှ စစ်ဆေးရမည်ဖြစ်သည့်အတွက် လက်ခံပေးသည့် ဒေသတွင် မထားတော့ဘဲ နေရပ်သို့ ပြန်စေပြီးမှ  Quarantine ဝင်ကာ Covid-19 စစ်ဆေးရမည်ဖြစ်ကြောင်း သိရသည်။

ပြည်တော်ပြန်တွေကို အရင်ကလို ဝင်လာလာချင်း ဓာတ်ခွဲနမူနာယူပြီး မစစ်တော့ဘူး။ (၇) ရက်နောက်ပိုင်းမှ စစ်ရတော့မယ်။ Quarantine ထားတဲ့ရက်ကတော့ (၂၁)ရက်ပဲ သတ်မှတ်ထားတယ်

ဟု တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လာအိုနိုင်ငံ တုံဖိန်းမြို့နယ်အတွင်းမှ ပြန်လာလို၍ စာရင်းပေးထားသူ အရေအတွက်မှာ (၂၃၃)ဦး ရှိနေသော်လည်း အတိုးအလျော့ စာရင်း နှင့်  ပြန်မည့်နေ့တွင် စုရပ်နေရာ မှ မိုင်းဆိပ်ကမ်းသို့ အရောက်သွားမည့် အစီအစဉ်များကိုတော့ မြန်မာရွာ(ရခိုင်ရွာ)အုပ်ချုပ်ရေးမှူး ဦးနိုင်လင်း နှင့် တာဝန်ရှိသူများက ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~