UWSA နယ်မြေအတွင်း ရွှေဆိုင်လုယက်၊ လူသတ်မှုကျူးလွန်သည့် တရုတ်နိုင်ငံသား (၃)ဦးကို သေဒဏ်ချမှတ်

UWSA နယ်မြေအတွင်း ရွှေဆိုင်လုယက်၊ လူသတ်မှုကျူးလွန်သည့် တရုတ်နိုင်ငံသား (၃)ဦးကို သေဒဏ်ချမှတ်
မေ 16, 2020
By 🌸
UWSA နယ်မြေအတွင်း ရွှေဆိုင်လုယက်၊ လူသတ်မှုကျူးလွန်သည့် တရုတ်နိုင်ငံသား (၃)ဦးကို သေဒဏ်ချမှတ်

ရှမ်းပြည်နယ်အတွင်းရှိ  UWSA ထိန်းချုပ်နယ်မြေဖြစ်သည့် “ဝ”ဒေသအတွင်းမှ နမ့်တစ်အထူးမြို့နယ်အတွင်း ရွှေဆိုင်တစ်ဆိုင်တွင် လူသတ်၊ လုယက်မှုကျူးလွန်သူ တရုတ်နိုင်ငံသား (၃)ဦးအား ၂၀၂၀ ခုနှစ်၊ မေလ (၁၄) ရက်နေ့၌ သေဒဏ်ပေးလိုက်ကြောင်း သိရသည်။

“လုယက်၊ အသတ်ခံရတာကလည်း တရုတ်နိုင်ငံသားပဲ။ ပြစ်မှုကျူးလွန်တဲ့သူတွေကလည်း တရုတ်နိုင်ငံသားတွေဖြစ်တယ်။ ကျွန်တော်တို့ “ဝ”ပြည်အတွင်းမှာ အလုပ်လာလုပ်တဲ့သူတွေပေါ့နော်။ ဒီမှာက ဓါးပြတိုက်မှု၊ လူသတ်မှုကျူးလွန်မှုတွေဆိုရင် များသောအားဖြင့် သေဒဏ်ပေးတယ်။ နောက် လက်နက်ရောင်းဝယ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ထုတ်လုပ်မှု ပမာဏများရင်လည်း သေဒဏ်ပေးလေ့ရှိပါတယ်။ ကျွန်တော်တို့ “ဝ”ပြည်ဒေသမှ မဟုတ်ပါဘူး။ ဘယ်နေရာပဲရောက်ရောက်၊ ဘယ်နိုင်ငံပဲ ရောက်ရောက် ကိုယ်ရောက်နေတဲ့နေရာဒေသရဲ့ ဥပဒေကို လိုက်နာရင် ဘာမှ ကြောက်စရာမလိုပါဘူး။ ဘယ်သူမဆို ရသင့်ရထိုက်တဲ့အခွင့်အရေးကတော့ ရရမှာပဲလေ။ ကျွန်တော်တို့ “ဝ”ပြည်နယ်မှာ ဥပဒေမလိုက်နာတဲ့ မည်သည့်လူမျိုးမဆို၊ မည်သည့်နိုင်ငံသားကိုမဆို တည်ဆဲဥပဒေအတိုင်း စီရင်အပြစ်ပေးမှာပါ”

ဟု UWSA  ပြင်ပဆက်ဆံရေးရုံး (လားရှိုး) တာဝန်ခံ ဦးညီရန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရုတ်နိုင်ငံသား (၃)ဦးက မေလ (၂)ရက်နေ့တွင် နမ့်တစ်အထူးမြို့နယ်အတွင်း တရုတ်နိုင်ငံသားတစ်ဦး၏ ရွှေဆိုင်ကို ဝင်ရောက်လုယက်ပြီး ဆိုင်ရှင်ကို သတ်သွားခဲ့ခြင်းဖြစ်ပြီး ယင်းနေ့မှာပင် ကျူးလွန်သူ (၂)ဦးကို ဖမ်းမိကာ ကျန် (၁)ဦးကို မေလ (၅)ရက်နေ့တွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများအား တရားရုံးက သေဒဏ်ချမှတ်ပြီးနောက် သေနတ်ဖြင့်ပစ်၍ သေဒဏ်စီရင်ခဲ့ကြောင်း သိရသည်။

UWSA ထိန်းချုပ်နယ်မြေအတွင်း ပြစ်မှုကျူးလွန်မှုများကို အထူးဒေသခရိုင်အသီးသီးရှိ တရားရုံးများမှ ဆုံးဖြတ်ကြပြီး အမြင့်ဆုံး ဗဟိုတရားရုံးမှာ ပန်ဆန်းတွင် တည်ရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~