တာချီလိတ်မြို့တွင် လျှပ်စစ်မီတာခ ပိုမိုကောက်ယူနေသည့် အိမ်ရှင်များ မီတာရယူလျှောက်ထားစဉ်က သဘောတူညီချက်ကို ဖေါက်ဖျက်ရာ ရောက်နေကြောင်း မီးလင်းရေး သတိပေး

တာချီလိတ်မြို့တွင် လျှပ်စစ်မီတာခ ပိုမိုကောက်ယူနေသည့် အိမ်ရှင်များ မီတာရယူလျှောက်ထားစဉ်က သဘောတူညီချက်ကို ဖေါက်ဖျက်ရာ ရောက်နေကြောင်း မီးလင်းရေး သတိပေး
မေ 12, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် လျှပ်စစ်မီတာခ ပိုမိုကောက်ယူနေသည့် အိမ်ရှင်များ မီတာရယူလျှောက်ထားစဉ်က  သဘောတူညီချက်ကို ဖေါက်ဖျက်ရာ ရောက်နေကြောင်း မီးလင်းရေး သတိပေး

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် အိမ်ခန်းငှားရမ်းသူများက မီတာခကို  ကိုယ်တိုင်သတ်မှတ်  ဈေးနှုန်းများဖြင့် အိမ်ခန်းငှားများထံမှ ကောက်ယူနေကြခြင်းမှာ  မီတာရယူလျှောက်ထားစဉ်က  သဘောတူညီချက်ကို ဖေါက်ဖျက်ရာရောက်နေ၍ အိမ်ရှင်၊အိမ်ငှား ညှိနှိုင်း ပြင်ဆင်ကြရန် မြို့မီးလင်းရေးကော်မတီက အိမ်ခန်းငှားသည့် အိမ်ရှင်များကို တိုက်တွန်းလိုက်သည်။

“ အိမ်ခန်းငှားတွေဆီက မီတာခ ပိုကောက်တာတွေကတော့ ဟိုးအရင်ကတည်းက လုပ်လာကြတာဖြစ်တယ်။ COVID 19 ကာလမတိုင်ခင်ကတည်းက  ဒီဟာတွေလုပ်ဖို့ ကော်မတီအနေနဲ့ တိုင်ပင်နေတာတွေ လုပ်နေပါတယ်။  အခုကတော့  COVID 19 ကြောင့် လူတွေမှာ အကြပ်အတည်း ကြုံလာရတဲ့ကာလဖြစ်တော့  တကယ်လည်း လုပ်သင့်လုပ်ထိုက်တဲ့ အချိန်ရောက်ပြီဖြစ်လို့ ဆောင်ရွက်တာပါ”ဟု မြို့မီးလင်းရေးကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း) ဥက္ကဌ ဦးတင်လှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁၂)ရက်နေ့တွင် ပြောသည်။

မြို့မီးလင်းရေးကော်မတီက COVID 19 ကာလအတွင်း အများပြည်သူ အကြပ်အတည်းဖြစ်နေ၍ ဧပြီလနှင့် မေလအတွက် မီတာခများကို တစ်ယူနစ်လျှင် (၁၅)ပြားစီလျှော့ချထားသည့်အပြင် မီတာခပေးဆောင်မှု နောက်ကျခြင်းအတွက် ဒဏ်ကြေးကိုလည်း ပယ်ဖျက်ပေးထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ လျှော့ချပေးထားသော်လည်း အိမ်ခန်းငှားများမှာ ခံစားခွင့် မရဖြစ်နေသည့်အပြင်  လက်ရှိတွင်လည်း လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ခြင်းမရှိသေး၍  မီတာခ ဆက်လက်လျှော့ချပေးနိုင်ရေးအတွက် မြို့မီးလင်းရေးကော်မတီနှင့်  လွှတ်တော်ကိုယ်စားလှယ်များ ၂၀၂၀ ခုနှစ်၊ မေလ (၇)ရက်နေ့၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသဘောတူညီချက်အရ မီးလင်းရေးကော်မတီက  ဖြန့်ဖြူးနေသည့်  ဓါတ်အားခနှုန်းထားထက် ပိုမိုကောက်ခံနေခြင်းကြောင့် အိမ်ခန်းငှားရမ်းနေထိုင်သူများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် အိမ်ရှင်/အိမ်ငှားများသည် လျှပ်စစ်မီတာခကိစ္စအား ပြေလည်စွာညှိနှိုင်းဆောင်ရွက်ကြစေရန်နှင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သဖြင့် ပြဿနာပေါ်ပေါက်လာပါက ဓါတ်အားသုံးစွဲသူများ မီတာလျှောက်ထားလွှာပါ ဝန်ခံကတိပြုချက် အမှတ် (၅)ပါအတိုင်း ဓါတ်အားဖြတ်တောက်ခြင်း၊ ခွင့်ပြုတပ်ဆင်ထားသည့် မီတာသုံးစွဲခွင့် ပြန်လည်ရုပ်သိမ်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် COVID 19 ကာလအတွင်း လုပ်ငန်းရှင်များနှင့် အစိုးရဌာနများမှအပ အများပြည်သူကို (5) Ampere အထိ မီတာခလျှော့ချပေးနိုင်ရေးကို မြို့မီးလင်းရေးကော်မတီက စီစဉ်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို တစ်ဆင့်ဝယ်ယူဖြန့်ဖြူးခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူးများက ဥက္ကဌအဖြစ် တာဝန်ယူသည့်  မြို့မီးလင်းရေးကော်မတီဖွဲ့စည်း  တာဝန်ယူလုပ်ကိုင်နေရာမှ ဌာနဆိုင်ရာ တာဝန်ရှိသူများမပါဝင်ဘဲ အရပ်သားကော်မတီအဖြစ် ပြောင်းလဲပြီးနောက် လျှပ်စစ်မီတာခ လျှော့ချခြင်းကို (၂)ကြိမ်အထိ ဆောင်ရွက်ခဲ့ပြီးနောက် မီတာခကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံခြင်းများနှင့်ပတ်သက်၍ သတိပေးခြင်းကို လုပ်ဆောင်လာခြင်းဖြစ်သည်။

လျှပ်စစ်မီတာခကို အိမ်သုံးမီတာ(ရိုးရိုးမီတာ) တစ်ယူနစ်လျှင် (၅)ဘတ်  (၃၅)ပြား၊ လုပ်ငန်းသုံးမီတာ(ပါဝါမီတာ) တစ်ယူနစ်လျှင် (၆)ဘတ် ပြား(၆၀)သတ်မှတ်ထားရာမှ covid1-9 ကာလအတွင်း ဧပြီလ နှင့် မေလအတွက် တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၁၅)ပြားစီ လျှော့ချပေးထားသော်လည်း  အိမ်ခန်းနှင့်ဆိုင်ခန်းငှားများမှာ တစ်ယူနစ်လျှင် (၇)ဘတ် မှ (၁၀)ဘတ်အထိ ပေးဆောင်နေကြရခြင်း ဖြစ်သည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ရွှေ့ပြောင်းနေထိုင်သူ အများအပြားရှိသဖြင့် အိမ်ခန်းငှားရမ်းသည့်လုပ်ငန်းများစွာရှိနေပြီး မြို့ပေါ်(၁၁)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ ကောက်ယူထားသည့်စာရင်းအရ နေအိမ်အခန်းငှားလုပ်ငန်း ဆောင်ရွက်နေသည့် အဆောက်အဦ (၇၀၀)နီးပါး ရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - မြို့မီးလင်းရေးကော်မတီ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~