တာချီလိတ်မြို့နယ်စိုက်ပျိုးရေးက မေလ(၁၆)ရက်နေ့မှ စ၍ ရပ်ကွက်များအလိုက် မျိုးစေ့များ လိုက်ဝေမည်

တာချီလိတ်မြို့နယ်စိုက်ပျိုးရေးက မေလ(၁၆)ရက်နေ့မှ စ၍ ရပ်ကွက်များအလိုက် မျိုးစေ့များ လိုက်ဝေမည်
မေ 14, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ်စိုက်ပျိုးရေးက မေလ(၁၆)ရက်နေ့မှ စ၍ ရပ်ကွက်များအလိုက် မျိုးစေ့များ လိုက်ဝေမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ကာလအတွင်း နေအိမ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၀ ခုနှစ်၊ မေလ (၁၆) ရက်နေ့မှစ၍ ရပ်ကွက်များအလိုက် လိုက်လံ ဝေပေးမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်နဲ့ အိမ်မှာ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စားနိုင်ဖို့ မျိုးစေ့ (၅)မျိုး လိုက်ဝေပေးမှာပါ။ ဝေမယ့်နေ့မတိုင်ခင်တစ်ရက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ကြော်ငြာပေးမှာ။ ကျွန်တော်တို့ စိုက်ပျိုးရေးရုံးက ဝန်ထမ်းတွေက ရပ်ကွက်တွေအလိုက် ဆိုင်ကယ်နဲ့ လိုက်ဝေပေးကြမှာ။ ဝန်ထမ်းအင်အားက (၁၂)ယောက်ပဲဆိုတော့ အဖွဲ့ခွဲလိုက်တာ (၆)ဖွဲ့ပဲရတယ်။ အဖွဲ့ (၆)ဖွဲ့နဲ့ဆိုတော့ အိမ်ထောင်စုတွေစုံအောင် အခုခန့်မှန်းရက်ထက်တော့ ထပ်တိုးလှည့်ရလိမ့်မယ်

ဟု တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုင်းခင်ဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID - 19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း  စုလူဝေးရှောင်ရှားရမည့် ကာလများဖြစ်သဖြင့် လူထူထပ်သည့်ဈေးများသို့ ဟင်းသီးဟင်းရွက်များသွားရောက်ဝယ်ယူမှုကိုလျော့ချနိုင်ရန်၊ သန့်ရှင်းလတ်ဆတ်၍ အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်များစားသုံးနိုင်ရန်၊ မိမိတို့အိမ်ခြံဝန်းအတွင်း ဟင်းသီးဟင်းရွက်များ တပိုင်တနိုင်စိုက်ပျိုးနိုင်‌စေရန်အတွက်  ဟင်းသီးဟင်းရွက်မျိုး၊ မြေသြဇာနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်ခြင်းဖြစ်ကြောင်းသိရသည်။

ချဉ်ပေါင်၊ ရုံးပတီ၊ ဟင်းနုနယ်၊ ကန်ဇွန်း၊ နံနံပင်၊ (ကွန်ပေါင်း)မြေသြဇာ အထုတ်သေးတစ်ထုပ်နှင့် စိုက်ပျိုးနည်းလက်ကမ်းစာစောင်တို့ကို လိုက်လံဝေပေးမည်ဖြစ်ရာ မေလ (၁၆)ရက်နေ့၌ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း(က)နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မေလ (၂၃)ရက်နေ့၌ ရန်အောင်မြေနှင့် ဝန်းကျောက်ရပ်ကွက်၊ မေလ (၃၀) ရက်နေ့၌ ပုန်းထွန်နှင့် ဝမ်ကောင်းရပ်ကွက်များ၊ ဇွန်လ (၆)ရက်နေ့၌ တာလော့၊ ပါဆတ်၊ ဆေခမ်းနှင့် မယ်ခေါင်ရပ်ကွက်များသို့ ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~