မန္တလေးဓါတ်ခွဲခန်းတွင် COVID 19 ဓါတ်ခွဲစစ်ဆေးမှုများကို ဇွန်လ (၁)ရက်နေ့ စတင်မည်

မန္တလေးဓါတ်ခွဲခန်းတွင် COVID 19 ဓါတ်ခွဲစစ်ဆေးမှုများကို ဇွန်လ (၁)ရက်နေ့ စတင်မည်
မေ 30, 2020
By 🌸
မန္တလေးဓါတ်ခွဲခန်းတွင် COVID 19 ဓါတ်ခွဲစစ်ဆေးမှုများကို ဇွန်လ (၁)ရက်နေ့ စတင်မည်

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ COVID-19 ဓာတ်ခွဲစစ်ဆေးမှု စမ်းသပ်စစ်ဆေးချက်များ၏ အဖြေမှန်ကန်တိကျမှု ရာနှုန်းပြည့်ရှိကြောင်း စစ်ဆေးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့မှစ၍ COVID 19 ဓါတ်ခွဲစစ်ဆေးမှုများကို စတင်တော့မည်ဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ မန္တလေးတိုင်းဒေသကြီးရှိ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ဌာနခွဲအဖြစ် ၁၉၆၉ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ကာ ခုခံအားကျဆင်းမှုကူးစက်ရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါစသည့် ဗိုင်းရပ်စ်ရောဂါများအား စစ်ဆေးခြင်း၊ ဘက်တီးရီးယားပိုးမွေးမြူခြင်းနှင့် ဆေးယဉ်ပါးမှု ဓာတ်ခွဲစစ်ဆေးခြင်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) တွင် COVID-19 ဓာတ်ခွဲ စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၌ သင်တန်းများရယူခဲ့ပြီး လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာနှင့် စက်ပစ္စည်းနှင့် ဓာတ်ခွဲပစ္စည်းများ ဆိုင်ရာ ပံ့ပိုးမှုများ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန် ပြည်နယ်အစိုးရနှင့် မန္တလေးမြို့၊ မြို့ပြဖွံ့ဖြိုးရေးရန်ပုံငွေရှာဖွေရေးကော်မတီနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) တို့ထံမှ ရရှိခြင်းဖြစ်ကြောင်း သိရသည်။

ဗိုင်းရပ်စ်အသစ်ဖြစ်သည့် COVID 19 ဓါတ်ခွဲစစ်ဆေးမှုများကို မြန်မာနိုင်ငံအနေဖြင့် ကနဦးတွင် WHO ၏ ရည်ညွှန်းဓါတ်ခွဲခန်းများသို့ ပို့စစ်ခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် စတင်စစ်ဆေးလာခြင်းဖြစ်သည်။

ယင်းနောက် ဆေးသုတေသနဦးစီးဌာန(ရန်ကုန်)နှင့် အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) (ရန်ကုန်)တို့တွင်ပါ တိုးချဲ့စစ်ဆေးလာခြင်းဖြစ်ပြီး ဇွန်လ (၁)ရက်နေ့မှစ၍  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန  (မန္တလေး)တွင်ပါ တိုးချဲ့စစ်ဆေးမည်ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~