တာချီလိတ်မြို့တွင် COVID-19 ကာလအတွင်း ပြန်ဖွင့်လိုသည့် ဟိုတယ် (၅)လုံး၏ စာရင်းကို ပြည်နယ်အစိုးရထံ တင်ပြထား

တာချီလိတ်မြို့တွင် COVID-19 ကာလအတွင်း ပြန်ဖွင့်လိုသည့် ဟိုတယ် (၅)လုံး၏ စာရင်းကို ပြည်နယ်အစိုးရထံ တင်ပြထား
မေ 21, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် COVID-19 ကာလအတွင်း  ပြန်ဖွင့်လိုသည့် ဟိုတယ် (၅)လုံး၏ စာရင်းကို ပြည်နယ်အစိုးရထံ တင်ပြထား

ရှမ်းပြည်နယ်အတွင်းမှ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများ COVID 19 ကာကွယ်ရေးလုပ်ငန်းစဉ်များ အမှန်တကယ် လိုက်နာဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိ ကော်မတီဖွဲ့ စစ်ဆေးပြီးမှ ပြန်လည် ဖွင့်လှစ်ခွင့်ရမည်ဖြစ်ရာ တာချီလိတ်မြို့မှ ဟိုတယ် (၅)လုံး ပြည်နယ်အစိုးရအဖွဲ့ထံ ပြန်လည်ဖွင့်လှစ်ခွင့် တင်ပြထားပြီဖြစ်ကြောင်း သိရသည်။

အခု ဟိုတယ် (၅)လုံးစစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ထားတယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့က  ချပေးတဲ့အပေါ် မူတည်ပြီး ပြန်ဖွင့်ရမှာပေါ့နော်။ တင်ထားတာက  ရွှေဘူးသီး၊ ဘိုင်တောင်၊ ရွိုင်ရယ်ရတနာ၊ ရွှေစင်(၂)နဲ့ ရွှေရေကန်ဟိုတယ်တွေကို စစ်ပြီး ပြည်နယ်ကို တင်ထားတယ်။ နောက်ထပ် ထပ်တိုး တင်ထားတာက မဲခေါင်မြစ်ရယ်၊ ရွှေမိသားစုရယ်၊ မြလင်းပွင့်ရယ် တင်ထားတယ်။ မနက်ဖြန်သွားစစ်မယ်။ အရင်တုန်းကလည်း COVID 19 ကာကွယ်ရေး လိုက်နာရမှာတွေ ညွှန်ကြားထားပြီးဖြစ်နေတော့ သူတို့တွေလည်း ပြင်ဆင်ထားပြီးဖြစ်နေပါတယ်။

ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ တာချီလိတ်ရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးရန်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ မေလ (၂၁)ရက်နေ့တွင် ပြောသည်။

COVID 19 ကာကွယ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများကို အစိုးရက မေလ (၁၅) ရက်နေ့အထိပိတ်ထားရာမှ  ဖြေလျော့ပေးထားသည့် လုပ်ငန်းများမှလွဲ၍ ကျန်လုပ်ငန်းများအားလုံးကို မေလ (၃၁)ရက်နေ့အထိ ထပ်တိုး ပိတ်လိုက်ခြင်းဖြစ်ပြီး ဖြေလျော့ပေးသည့်လုပ်ငန်းများ၌ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းများ ပါဝင်လာခြင်းဖြစ်သည်။

မေလ (၁၅)ရက်နေ့နောက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခွင့်ရသည့် လုပ်ငန်းများအနေဖြင့်လည်း COVID 19 ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာရမည့်အပြင် COVID 19 ကာကွယ်ရေးကာလအတွင်း ပြန်လည်ဖွင့်လှစ်မည့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများတွင် လုပ်ငန်းခွင်အတွင်း ရောဂါကူးစက်မှုမရှိစေရေးအတွက် လိုက်နာရမည့် အချက် (၁၀)ချက်ကိုလည်း ထုတ်ပြန်ပေးထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းမှ ပြန်လည်ဖွင့်လှစ်လိုသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများအား အဆိုပါ အချက်များနှင့် ကိုက်ညီမှုရှိမရှိ၊ လုပ်ငန်းခွင်အတွင်း ရောဂါကူးစက်မှုမရှိစေရေးအတွက် လိုက်နာရမည့် အချက် (၁၀)ချက်ကို  အမှန်တကယ် လိုက်နာနိုင်ခြင်းရှိ၊ မရှိတို့ကို  ကော်မတီဖွဲ့စစ်ဆေးပြီးမှ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~