မကွေးတိုင်းအတွင်း လျှပ်စစ်မီတာ ယူနစ် (၁၅၀)အထိ ကင်းလွတ်ခွင့်ပြုထားသည့် ဧပြီလအတွက် မီတာယူနစ်မမှန်ဟု ယူဆပါက လျှပ်စစ်အင်ဂျင်နီယာရုံးတွင် စုံစမ်းနိုင်

မကွေးတိုင်းအတွင်း လျှပ်စစ်မီတာ ယူနစ် (၁၅၀)အထိ ကင်းလွတ်ခွင့်ပြုထားသည့် ဧပြီလအတွက် မီတာယူနစ်မမှန်ဟု ယူဆပါက လျှပ်စစ်အင်ဂျင်နီယာရုံးတွင် စုံစမ်းနိုင်
မေ 15, 2020
By Tachileik News Agency
မကွေးတိုင်းအတွင်း လျှပ်စစ်မီတာ ယူနစ် (၁၅၀)အထိ ကင်းလွတ်ခွင့်ပြုထားသည့် ဧပြီလအတွက် မီတာယူနစ်မမှန်ဟု ယူဆပါက လျှပ်စစ်အင်ဂျင်နီယာရုံးတွင် စုံစမ်းနိုင်

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း ဧပြီလအတွက် လျှပ်စစ်ဓါတ်အား သုံးစွဲခ မီတာယူနစ်(၁၅၀) ကင်းလွတ်ခံစားခွင့်ပေးထားပြီး မီတာခများ ပိုမိုကျသင့်နေ၍ မီတာယူနစ် မမှန်မကန် ဖတ်သည်ဟု ယူဆပါက လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ဖြေရှင်းပေးရန် တောင်းဆိုနိုင်ကြောင်း သိရသည်။

ဧပြီလ(၇)ရက်နေ့မှာ ဝန်ကြီးဌာနက တရားဝင်ကြေညာချက်ထုတ်ပြန်ထားတာရှိပါတယ်။ ဌာနအနေနဲ့က အဲဒီထုတ်ပြန်စာအတိုင်းပဲ ဆောင်ရွက်ရတာပါ။ နားလည်မှုလွဲတဲ့သူကတော့ အဲဒီစာမဖတ်မိလို့သော် လည်းကောင်း၊  ဖတ်ရဲ့သားနဲ့ နားမလည်လို့သော် လည်းကောင်း အဲဒီလိုပဲ ယူဆပါတယ်ဗျ။ ပုံမှန်သုံးတယ်ဆိုပေမဲ့ အသုံးများသွားလို့ ယူနစ်များလာတဲ့အခါ (၁၅၁) ယူနစ်ကနေ (၂၀၀) ယူနစ်အထိက တစ်ယူနစ် (၁၂၀)ကျပ်နှုန်းနဲ့ မြှောက်ပြီး (၂၀၁) ယူနစ်အထက်ဆိုရင် တစ်ယူနစ် (၁၂၅)ကျပ်နှုန်းနဲ့မြှောက်တာဖြစ်လို့ အောက်က အလွှာနဲ့တွက်တာနဲ့တော့ တစ်ခြားစီဖြစ်သွားမှာပါ

ဟု မကွေးတိုင်းလျှပ်စစ်အင်ဂျင်နီယာမှူး ဦးထောင်းဇိုခိုင်က မေလ (၁၅)ရက်နေ့၌ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိမိတို့၏ လျှပ်စစ်မီတာအသုံးယူနစ် ပိုနေသည်ဟု ယူဆပါက မီတာဖတ်ဝန်ထမ်း၏ ချို့ယွင်းချက်လည်း ဖြစ်နိုင်၍ ဌာနသို့ဆက်သွယ်စုံစမ်းကြရန် လျှပ်စစ်အင်ဂျင်နီယာမှူးက တိုက်တွန်းလိုက်သည်။

လစဉ် အတတ်နိုင်ဆုံး မှန်အောင်တော့ဖတ်ပါတယ်။ သို့သော် ရိုးရိုးသားသားဝန်ခံရရင်တော့ ကိုယ့်ဝန် ထမ်းတွေ ရောက်အောင်မဖတ်မိတဲ့အလုံးတွေတော့ ရှိကောင်းရှိပါလိမ့်မယ်။ အဲဒီမှာတော့ ကွဲလွဲချက်လေး တွေပေါ်နိုင်ပါတယ်။ ဝန်ထမ်းရဲ့ပေါ့လျော့မှုအရ သို့တည်းမဟုတ် အိမ်ပိတ်ထားလို့ ဖတ်မရတာမျိုူးတို့ရှိနိုင် တာကြောင့် မှန်းကောက်ခဲ့လို့ အခုလမှာ များနေတယ်ယူဆရင် လာပြောပါ။ ကျွန်တော်တို့ဖြေရှင်းပေးပါမယ်

 ဟု  မကွေးတိုင်းလျှပ်စစ်အင်ဂျင်နီယာမှူး ဦးထောင်းဇိုခိုင်က ပြောသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်စာအရ ယူနစ်(၁၅၀)ကင်းလွတ်ခွင့်ပြုသည့်အပေါ် သုံးစွဲယူနစ်(၁၅၀)ထက် ကျော် လွန်သည့် ယူနစ်အား အခြေခံနှုန်းထား (၁) ယူနစ်လျှင် (၃၅) ကျပ်နှုန်းဖြင့် စတင်တွက်ချက်ရယူလိမ့်မည်ဟု ပြည်သူအများစုက မျှော်လင့်ထားခဲ့သော်လည်း ယူနစ် (၁၅၀)ထက်ကျော်လွန်သည့် ယူနစ်များအား ကျပ် (၁၂၀)မှ (၁၂၅) ကျပ်နှုန်းများဖြင့် တွက်ချက်ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီတာခယူနစ် (၁၅၀) လျှော့ပေါ့ခံစားခွင့်မှာ နိုင်ငံတော်လျှပ်စစ်ဓါတ်အားလိုင်းမှ လျှပ်စစ်မီးသုံးစွဲနေသည့် နေရာများတွင်သာ အကျုံးဝင်ခြင်းဖြစ်ပြီး အခြားအစီအစဉ်များဖြင့် လျှပ်စစ်မီးရယူသုံးစွဲနေကြသည့် ဒေသများအတွက် မပါဝင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း -  ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~