တာချီလိတ်တွင် မူးယစ်ဆေး၊ မူးယစ်ဆေးထုတ်သည့်ဆက်စပ်ပစ္စည်းများ၊ လက်နက်ခဲယမ်းနှင့် ရွှေထည်များ ဖမ်းဆီးရမိ

တာချီလိတ်တွင် မူးယစ်ဆေး၊ မူးယစ်ဆေးထုတ်သည့်ဆက်စပ်ပစ္စည်းများ၊ လက်နက်ခဲယမ်းနှင့် ရွှေထည်များ ဖမ်းဆီးရမိ
မေ 18, 2020
By 🌸

တာချီလိတ်တွင် မူးယစ်ဆေး၊ မူးယစ်ဆေးထုတ်သည့်ဆက်စပ်ပစ္စည်းများ၊ လက်နက်ခဲယမ်းနှင့် ရွှေထည်များ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ လွန်းကျိုင်းကျေးရွာရှိ နေအိမ်ခြံဝန်း (၂)ခုနှင့် ဝမ်ပုံကျေးရွာရှိနေအိမ်တစ်လုံးတို့အား ၂၀၂၀ ခုနှစ်၊ မေလ (၁၇)ရက်နေ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား၊ အိုက်စ်၊ မူးယစ်ဆေးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများ၊ လက်နက်ခဲယမ်းနှင့် ရွှေထည် (၂၈)ကျပ်သားဝန်းကျင်ကို သိမ်းဆည်းရမိပြီး နေအိမ်ပိုင်ရှင်ကို ဖမ်းမိခြင်းမရှိသေးကြောင်း သိရသည်။

“ ဆေးပြားက (၇၂၀၀၀)၊ အိုက်စ်က (၁)ကီလို၊ သေနတ်တစ်လက်နဲ့ အဲဒီကျည်တွေ ဖမ်းမိတယ်။ ထုတ်လုပ်တဲ့နေရာလို့တော့ ပြောလို့မရဘူးပေါ့။ ဒါပေမဲ့ ထုတ်လုပ်တဲ့ဆက်စပ်ပစ္စည်းတွေကိုတော့ တွေ့ရတယ်”

ဟု မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့စုမှူး ရဲမှူး မျိုးမင်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်၊ ဝမ်ပုံနယ်မြေရဲစခန်းနှင့် သက်သေများပါဝင်သည့်အဖွဲ့သည် လွန်းကျိုင်းကျေးရွာရှိ စိုင်းလှရွှေ (ခ) ဂျပန်၏နေအိမ်ခြံဝန်းအတွင်း ဝင်ရောက်ရှာဖွေရာWY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၂,၀၀၀)ပြား၊ မက်သာအက်ဖက်တမင်း(အိုက်စ်) (၁) ကီလိုခန့်၊ AK 47 မောင်းပြန်ရိုင်ဖယ် သေနတ် (၁)လက်နှင့် ကျည်မျိုးစုံစုစုပေါင်း (၁၃၃)တောင့်၊ ကျည်ဘောက် (၉)ခုတို့ကို နေအိမ်အဆောက်အဦအတွင်းမှ တွေ့ရပြီး ၎င်းပိုင်နောက်ထပ်ခြံဝန်းတစ်ခုရှိ အဆောက်အဦ၌ မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် စိတ်ကြွရူးသွပ်ဆေးပြား (၆၀၀၀၀)ပြားကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့်ဆက်စပ်သည့် မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာရှိ နေအိမ်အား ယင်းနေ့မှာပင် ဆက်လက်ရှာဖွေရာ ရွှေလက်ဝတ်ရတနာပစ္စည်း (၂၄)မျိုး စုစုပေါင်း အလေးချိန် (၂၈)ကျပ်သားဝန်းကျင်နှင့် ထိုင်းဘတ်ငွေ (၉၆၃၀)ကို သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေး၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိသည့် နေအိမ်ခြံဝန်းများ၏ပိုင်ရှင် စိုင်းလှရွှေ (ခ) ဂျပန်အား ဝမ်ပုံနယ်မြေရဲစခန်းတွင် မယ(ပ)၄/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၂(ခ)အရ အမှုဖွင့်ထားကြောင်း သိရသည်။

 Tachileik News Agency
ဓါတ်ပုံ -ရဲတပ်ဖွဲ့


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~