မူးယစ်ဆေးဝါးအနည်းငယ်ဖြင့် ထောင်ဒဏ်(၂၂)နှစ် ကျခံနေရသည့် ထိုင်းနိုင်ငံသားကို လွတ်ငြိမ်းသက်သာဖြင့် ပြည်နှင်ဒဏ်ပေး

မူးယစ်ဆေးဝါးအနည်းငယ်ဖြင့် ထောင်ဒဏ်(၂၂)နှစ် ကျခံနေရသည့် ထိုင်းနိုင်ငံသားကို လွတ်ငြိမ်းသက်သာဖြင့် ပြည်နှင်ဒဏ်ပေး
မေ 12, 2020
By Tachileik News Agency
မူးယစ်ဆေးဝါးအနည်းငယ်ဖြင့် ထောင်ဒဏ်(၂၂)နှစ် ကျခံနေရသည့် ထိုင်းနိုင်ငံသားကို လွတ်ငြိမ်းသက်သာဖြင့် ပြည်နှင်ဒဏ်ပေး

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့သို့ မယ်ဆိုင်ဘက်မှ ကူးလာပြီး စိတ်ကြွဆေးပြား (၈)ပြား၊ အိုက်စ် (ဝ.၁)ဂရမ်တို့ဖြင့် ဖမ်းမိ၍ ထောင်ဒဏ် (၂၂) နှစ်ကျခံထားရသည့် အသက် (၆၂)နှစ်အရွယ် ထိုင်းနိုင်ငံသားမှာ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာ၍ ၂၀၂၀ ခုနှစ်၊ မေလ (၁၂)ရက်နေ့၌ မယ်ဆိုင်ဘက်သို့ ပြည်နှင်လွှဲပြောင်းပေးလိုက်သည်။

အဆိုပါ ထိုင်းနိုင်ငံသားကို ကျိုင်းတုံမြို့နယ်တရားရုံးက မူးယစ်ဆေးဝါးဥပဒေ ပုဒ်မ (၁၅)၊ ၁၆ (၈)နှင့် ၁၉ (က)တို့ဖြင့် ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့က စုစုပေါင်းပြစ်ဒဏ် (၂၂) နှစ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီလ ၁၇)ရက်နေ့က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

ပြစ်ဒဏ်ကျခံနေရသည့် ဆွန်ဖုန်းသည် မန္တလေးတိုင်းဒေသကြီး မြင်းခြံအကျဉ်းထောင်မှ လွတ်မြောက်လာခြင်းဖြစ်၍ မန္တလေး - တာချီလိတ် လေကြောင်းလိုင်းဖြင့် ခေါ်ဆောင်လာပြီး မေလ (၁၂)ရက်နေ့ နေ့လယ်ပိုင်းတွင်  မြန်မာဘက်မှ လဝကဌာနခွဲ(၆)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့် နှင့် တာဝန်ရှိသူများက ထိုင်းဘက်သို့ ပြည်နှင်လွှဲပြောင်းပေးခြင်းဖြစ်သည်။

အဆိုပါ ပြည်နှင်ခံရသည့် ထိုင်းနိုင်ငံသားကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂) မယ်ဆိုင်ဘက်ခြမ်းတွင် ထိုင်းလဝကတာဝန်ရှိသူများက လွှဲပြောင်းလက်ခံသည်။

အဆိုပါထိုင်းနိုင်ငံသား ဆွန်ဖုန်းသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က တာချီလိတ်ဘက်မှ သူငယ်ချင်းဖြစ်သူထံ လာရောက်ခဲ့ပြီးနောက် နိုဝင်ဘာလ (၂၃)ရက်နေ့တွင် မယ်ဆိုင်ဘက်သို့အပြန် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)ပေါ်၌ စိတ်ကြွဆေးပြား (၈)ပြားနှင့် အိုက်စ် (ဝ.၁)ဂရမ်တို့နှင့်အတူ မူးယစ်အထူးတပ်ဖွဲ့က ဖမ်းမိသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်ဆေးဝါးများဆိုင်ရာဥပဒေကို ၂၀၁၈ ခုနှစ်က မပြင်ဆင်မီက ပုဒ်မ (၁၅) မူးယစ်ဆေးဝါးသုံးစွဲမှုကို ထောင်ဒဏ် (၃) နှစ် မှ (၅) နှစ်အထိလည်းကောင်း၊ ပုဒ်မ ၁၆ (ဂ) - လက်ဝယ်တွေ့ရှိမှုကို ထောင်ဒဏ် (၅) နှစ်မှ (၁၀) နှစ်ထိ လည်းကောင်း၊ ပုဒ်မ ၁၉(က) - ရောင်းချရန် အလို့ဌာ လက်ဝယ်တွေ့ရှိခြင်းကို အနည်းဆုံးထောင်ဒဏ် (၁၀) နှစ်မှ နှစ်အကန့်အသတ်မရိ ှထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း ၊ ဓါတ်ပုံ - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~