တာလေမြို့တွင် Covid-19 ကာလအတွင်း မြို့ပြင် မြို့တွင်း စစ်ဆေးမှုကို မေလ(၃၁)ရက်နေ့အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆိုင်ကယ်ပါဝါ အိတ်ဇောကြီးများကိုလည်း စစ်ဆေး အရေးယူ

တာလေမြို့တွင် Covid-19 ကာလအတွင်း မြို့ပြင် မြို့တွင်း စစ်ဆေးမှုကို မေလ(၃၁)ရက်နေ့အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆိုင်ကယ်ပါဝါ အိတ်ဇောကြီးများကိုလည်း စစ်ဆေး အရေးယူ
မေ 16, 2020
By Tachileik News Agency
တာလေမြို့တွင် Covid-19 ကာလအတွင်း မြို့ပြင် မြို့တွင်း စစ်ဆေးမှုကို မေလ(၃၁)ရက်နေ့အထိ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး ဆိုင်ကယ်ပါဝါ အိတ်ဇောကြီးများကိုလည်း စစ်ဆေး အရေးယူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း တာလေမြို့တွင် covid-19 ကာလအတွင်း စစ်ဆေးမှုများကို နေ့စဉ် လှည့်လည်စစ်ဆေးမှုများ ဆောင်ရွက်ပြီး ဆိုင်ကယ်ပါဝါအိတ်ဇောကြီးများကိုလည်း ရိုးရိုးအိတ်ဇောသို့ လဲလှယ်သည့် အရေးယူမှုပါ ဆောင်ရွက်ကြောင်း သိရသည်။

တာလေ မှ မိုင်းဖြတ်သွားလမ်းပေါ်ရှိ တာလေတိုးဂိတ် အပါအဝင် တာလေမြို့အဝင် နှင့် မြို့တွင်းပိုင်းတို့တွင် ၂၀၂၀ခုနှစ် ဧပြီလ(၁၇)ရက်နေ့က စ၍ မေလ(၁၆)ရက်နေ့အထိ စစ်ဆေးမှုများ ဆောင်ရွက်နေလျက်ရှိပြီး ဆက်လက်၍လည်း မေလ(၃၁)ရက်နေ့အထိ စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ (၄)လပိုင်း (၁၇)ရက်နေ့က စပြီး ဒီလကုန်အထိ စစ်သွားမှာပါ၊ ကျွန်တော်တို့ တိုးဂိတ်မှာ စစ်လိုက်၊ တံတားမှာ စစ်လိုက်၊ မီးသတ်ရုံးရှေ့မှာ စစ်လိုက်၊ ရပ်ကွက်(၄)ရှေ့မှာ စစ်လိုက် လုပ်ကြတာပါ၊ တစ်နေရာတည်းတော့  မဟုတ်ဘူး၊  နေရာပြောင်းပြီး စစ်တာ။ စစ်တာကတော့ နေ့တိုင်း စစ်နေတာ"ဟု တာလေမြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁၆)ရက်နေ့တွင် ပြောသည်။

စစ်ဆေးမှုများအတွင်း mask မတပ်သူများကိုလည်း mask ဝယ်ယူတပ်ခိုင်းသည့် အသိပေးမှုနှင့်အတူ ဆိုင်ကယ်ပါဝါအိတ်ဇောကြီးများကိုလည်း လဲလှယ်စေသည့် အရေးယူမှုအထိ ဆောင်ရွက်ကြောင်း သိရသည်။

Mask မတပ်တဲ့လူတွေကိုတော့ Mask မတပ်ရင် မြို့ထဲ မဝင်ခိုင်းဘူး၊ ပြန်ပြီးတော့ Mask ဝယ်ခိုင်း Mask တပ်ပြီးမှ ဝင်ခိုင်းတာတွေ လုပ်ပါတယ်၊ ဆိုင်ကယ်အိတ်ဇောပြောင်းတွေကိုလည်း ဆိုင်ကယ်အိတ်ဇောပြောင်းတွေ ဖြုတ်ပြီးတော့ အသံမကျယ်တဲ့ဟာတွေ ပြန်တပ်ပြီးပြောင်းတာတွေ လုပ်ပါတယ်၊ တစ်ချို့ မြို့ထဲ ဝင်လာတဲ့သူတွေကို အပူချိန်တိုင်းတာတွေ လုပ်တယ်၊ တစ်ချို့ထွက်လာတဲ့သူတွေကို အရေးကြီးကိစ္စမဟုတ်ရင် ပြန်လှည့်ခိုင်းတာတွေရှိပါတယ်၊ ကျွန်တော်တို့ဘက်မှာ တအားကြီးတော့ မများဘူး တာချီလိတ်ဘက်က ထွက်လာပြီး မိုင်းဖြတ်သွားလည်တာတို့၊ ကျိုင်းတုံသွားလည်တာတို့ အဲ့လိုမျိုးဟာတွေများတယ်၊ တာချီလိတ်ဘက်က လာတာတွေ ပိုများတယ်၊ တာလေရောက်ရင် အိတ်ဇောပြောင်းတွေကို တခါတည်း လဲခိုင်းတယ်

ဟု တာလေမြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုက ပြောသည်။

တာလေမြို့တွင် ဖမ်းဆီးရမိသည့် ဆိုင်ကယ်ပါဝါ အိတ်ဇောကြီးများမှာ တာချီလိတ်မြို့တွင် ဖမ်းဆီးအရေးယူခြင်းမရှိသည့် ဆိုင်ကယ်ပါဝါအိတ်ဇော အများစု ဖြစ်ပြီး တာချီလိတ်မှ တာလေသို့ လာသည့် ဆိုင်ကယ်များကို အများဆုံး စစ်ဆေးတွေ့ရှိ ရမိကြောင်း သိရသည်။

ကျွန်တော်တို့ ဖမ်းမှန်းသိလို့ တာလေက လူတွေက အားလုံးဖြုတ်ကုန်ပြီ၊ ရိုးရိုးအိတ်ဇောပဲ တပ်ကုန်ပြီ၊ ကျွန်တော်တို့ တွေ့တိုင်း ပြောပါတယ်။

ဟု တာလေမြို့ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ်က ပြောသည်။

တာလေမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ နေ့စဉ် စစ်ဆေးမှုများ ဆောင်ရွက်ပြီး ကျန် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကလည်း အလှည့်ကျ ဆောင်ရွက်ကြကြောင်း သိရသည်။

တာလေမြို့သည် တာချီလိတ်ခရိုင်အတွင်းထဲက မြို့တစ်မြို့ဖြစ်ပြီး တာချီလိတ် မှ မိုင်းဖြတ်သို့အသွား ကြားတွင် တည်ရှိသည့် မြို့တစ်မြို့ဖြစ်သည်။

 Tachileik News Agency
ဓါတ်ပုံ - တာလေ ထွေအုပ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~