တာချီလိတ်၏ ပထမဆုံး covid-19 အတည်ပြုလူနာတွင် ပိုးမတွေ့တော့၍ ဆေးရုံဆင်းခွင့် ပေးနိုင်ရန် (၁၄)ရက် သတ်မှတ် စောင့်ကြည့်နေ

တာချီလိတ်၏ ပထမဆုံး covid-19 အတည်ပြုလူနာတွင် ပိုးမတွေ့တော့၍ ဆေးရုံဆင်းခွင့် ပေးနိုင်ရန် (၁၄)ရက် သတ်မှတ် စောင့်ကြည့်နေ
မေ 7, 2020
By Tachileik News Agency
တာချီလိတ်၏ ပထမဆုံး covid-19 အတည်ပြုလူနာတွင်  ပိုးမတွေ့တော့၍  ဆေးရုံဆင်းခွင့် ပေးနိုင်ရန်  (၁၄)ရက် သတ်မှတ် စောင့်ကြည့်နေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသည့် COVID 19 အတည်ပြုလူနာ (၃)ဦးအနက် ပြန်လည်ဓါတ်ခွဲစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရတော့သည့် အတည်ပြုလူနာ (Case 96) အား သီးခြားကုသခန်းမှ ရွှေ့ပြောင်းကာ ဆေးရုံတွင် (၁၄)ရက် စောင့်ကြည့်မှု လုပ်ထားကြောင်း သိရသည်။

ပြန်လည်ဓါတ်ခွဲစစ်ဆေးတာမှာ (၂)ကြိမ်ဆက်တိုက် Negative ဖြစ်တဲ့ Case 96 ကို မေလ (၅) ရက်နေ့ကတည်းက အခန်းရွှေ့ပေးလိုက်ပြီ။ ကုသတဲ့အခန်းမှာ မဟုတ်တော့ဘူး။ ဆေးရုံမှာ (၁၄)ရက်  သီးခြားစောင့်ကြည့်ပြီး အခြေအနေကောင်းရင် ဆေးရုံဆင်းပေးတော့မှာ

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့မှ အတည်ပြုလူနာ (Case 64)၊ တာချီလိတ်မှ အတည်ပြုလူနာ ဆရာဝန် (Case 96) နှင့် အတည်ပြုလူနာ သူနာပြု (Case 112) တို့ကို ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသပေးနေခြင်းဖြစ်သည်။

ကုသမှုခံယူနေသည့် လူနာများအား ပြန်လည်ဓါတ်ခွဲစစ်ဆေးခြင်းလုပ်ဆောင်နေရာ မေလ (၅)ရက်နေ့တွင် အတည်ပြုလူနာ (Case 96) ၌ ပိုးမတွေ့ရကြောင်း ဒုတိယအကြိမ်မြောက် ဓါတ်ခွဲအဖြေရခဲ့ခြင်းဖြစ်ပြီး အတည်ပြုလူနာ (Case 64)မှာ ပိုးမတွေ့ရကြောင်း အဖြေတစ်ကြိမ်ရပြီး မေလ (၅)ရက်နေ့က ဓါတ်ခွဲအဖြေတွင် ပိုးပြန်တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံပြည်သူ့ဆေးရုံရှိ COVID 19 ကုသခန်းတွင် အတည်ပြုလူနာ (Case 64) နှင့် အတည်ပြုလူနာ (Case 112) တို့ကို ဆက်လက်ကုသပေးနေပြီး လူနာများအား ပြန်လည်ဓါတ်ခွဲစစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပိုးမတွေ့ရကြောင်း နှစ်ကြိမ်ဆက်တိုက်အဖြေရထားသည့် အတည်ပြုလူနာ (Case 96) ကို ဆေးရုံတွင် မေလ (၅)ရက်နေ့မှစ၍ (၁၄)ရက်စောင့်ကြည့်ခြင်းလုပ်ဆောင်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~