ရှမ်းပြည်နယ်တွင်း ဈေး၊ စားသောက်ဆိုင်၊ ဟိုတယ်တည်းခိုခန်း၊ ယာဉ်လိုင်းများ ဇွန် (၁)ရက်မှစ၍ ပြန်လည် ဖွင့်ခွင့်ပေးရန် အစိုးရအဖွဲ့ ဆွေးနွေးမည်

ရှမ်းပြည်နယ်တွင်း ဈေး၊ စားသောက်ဆိုင်၊ ဟိုတယ်တည်းခိုခန်း၊ ယာဉ်လိုင်းများ ဇွန် (၁)ရက်မှစ၍ ပြန်လည် ဖွင့်ခွင့်ပေးရန် အစိုးရအဖွဲ့ ဆွေးနွေးမည်
မေ 26, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်း ဈေး၊ စားသောက်ဆိုင်၊ ဟိုတယ်တည်းခိုခန်း၊ ယာဉ်လိုင်းများ ဇွန် (၁)ရက်မှစ၍ ပြန်လည် ဖွင့်ခွင့်ပေးရန် အစိုးရအဖွဲ့ ဆွေးနွေးမည်

ရှမ်းပြည်နယ်အတွင်း COVID 19 ကြောင့် ပိတ်ထားသည့် ဈေး၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်းနှင့် ယာဉ်လိုင်းများ ရောဂါကာကွယ်ရေးသတ်မှတ်ချက်များနှင့်အညီ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့မှစ၍ ဖွင့်ခွင့်ပေးသွားရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးသို့ မေလ (၂၇)ရက်နေ့၌ တင်ပြဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

စည်ပင်ဝန်ကြီးက ဈေးတွေ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ယာဉ်လိုင်းတွေ၊ ဟိုတယ်၊ တည်းခိုခန်းတွေ ပြန်ဖွင့်ဖို့ ဒီနေ့ အစည်းအဝေးလုပ်ပါတယ်။ လူစုလူဝေးကနေတစ်ဆင့် COVID 19 က ကူးစက်နိုင်တာကြောင့် ဒီဟာတွေက ကန့်သတ်ခဲ့တာဖြစ်တယ်။ အခုက အခြေအနေက ဘာဖြစ်လဲဆိုတော့ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးကလည်း ခက်ခဲလာတာပေါ့နော်။ စည်းကမ်းလိုက်နာမှုကလည်း တစ်ချို့ လျော့ရဲလာတာရှိတာပေါ့နော်။ ဒါကြောင့် အခန်းကဏ္ဍ တစ်ခုချင်းစီအလိုက်  ဆွေးနွေးကြတာပေါ့။  ဆွေးနွေးတော့ အမျိုးသားအဆင့်ဗဟိုကော်မတီက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာမယ်ဆို ဖွင့်ခွင့်ပြုဖို့ ယာယီအားဖြင့် သဘောတူထားတာပေါ့နော်

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID 19 ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ဈေးတွေ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ယာဉ်လိုင်းတွေ၊ ဟိုတယ်၊ တည်းခိုခန်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပေးရေးကို  ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက ဦးဆောင်၍ ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် မေလ (၂၆) ရက်နေ့က  ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

သတ်မှတ်စည်းမျဉ်းစည်းကမ်းများနဲ့အညီဆောင်ရွက်မယ်လို့ သက်ဆိုင်ရာဌာနများမှာ ကတိခံဝန်ချက် လက်မှတ်ရေးထိုးပြီး ခွင့်ပြုမယ်။ တစ်ချို့တွေလည်း ပြင်ဆင်ပြီးဆိုရင် ဇွန်လ (၁)ရက်နေ့အမီ ဖွင့်ကောင်းဖွင့်နိုင်မယ်။ တစ်ချို့လည်း နောက်ကျပြီး ဖွင့်ကောင်းဖွင့်နိုင်ပါလိမ့်မယ်

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။

ဒေသတွင်း ပြည်သူူလူထု၏ စားဝတ်နေရေးအတွက် COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့် အချို့လုပ်ငန်းများအား ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်သော်လည်း KTV၊ CLUB ၊ Bar များကို ဖွင့်ခွင့်ပေးအုံးမည်မဟုတ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~