ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာပြီး တာချီလိတ်တွင် Quarantine ထားရှိသည့် ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား (၃၇)ဦးကို နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်

ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာပြီး တာချီလိတ်တွင် Quarantine ထားရှိသည့် ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား (၃၇)ဦးကို နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်
မေ 14, 2020
By Tachileik News Agency
ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာပြီး တာချီလိတ်တွင် Quarantine ထားရှိသည့် ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား (၃၇)ဦးကို နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်

ထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းလာသော   ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား (၃၇) ဦးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် Quarantine ထားရှိပြီးနောက်၂၀၂၀ ခုနှစ်၊ မေလ (၁၄) ရက်နေ့ နံနက်ပိုင်းက နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်သည်။

အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ပြန်လွတ်လာကြလို့ ထိုင်းဘက်ကနေ မေလ (၆)ရက်နေ့က လွှဲပေးလာတာဖြစ်ပါတယ်။ မူလကတော့ သူတို့နေရပ်မှာပဲ Quarantine ဝင်ဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်အပူချိန်မြင့်နေတဲ့ တစ်ယောက်ပါလာတဲ့အတွက် ကျန်တဲ့သူတွေကိုလည်း ဒီမှာ Quarantine ထားလိုက်တာဖြစ်တယ်။ ကိုယ်အပူချိန်မြင့်တဲ့ တစ်ယောက်ကလည်း ပိုးမတွေ့ရတဲ့အတွက် သူတို့အားလုံးကို နေရပ်ပြန်ဖို့ စီစဉ်ပေးတာဖြစ်ပါတယ်။ သူတို့နေအိမ်မှာလည်း နောက်ထပ် (၂၁)ရက် Quarantine ဝင်ရမယ်ဆိုတာ အသိပေးပြီးဖြစ်တယ်။ ထုတ်ပေးလိုက်တဲ့ Quarantine ဝင်ထားပြီးသား စာမှာလည်း ဒါကိုထည့်ရေးပေးထားတယ်

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်မှ တာဝန်ရှိသူများက ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၃၇)ဦးကို တာချီလိတ်ဘက်သို့ လွှဲပြောင်းပေးရာတွင် ထိုင်းဘက်၌ (၁၄)ရက် Quarantine ထားရှိပြီးကြောင်း အထောက်အထားဖြင့်လွှဲပေးခြင်းဖြစ်သော်လည်း ကိုယ်အပူချိန်မြင့်သူ (၁)ဦးပါလာသဖြင့် စောင့်ကြည့်လူနာသတ်မှတ်ကာ ကျန် (၃၆)ဦးကို တာချီလိတ်ရှိ မိုးကုတ်တရားရိပ်သာတွင် Facilities Quarantine ထားရှိခြင်းဖြစ်သည်။

နယ်စပ်ဂိတ်ပိတ်ထားစဉ်ကာလအတွင်း တာချီလိတ်ဘက်သို့ ထိုင်းနိုင်ငံက ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား (၉၂) ဦးကို မတ်လ (၂၃) ရက်နေ့က ပထမဆုံးအကြိမ် လွှဲပြောင်းပေးလာစဉ်က ကိုယ်အပူချိန်မြင့်နေသူများပါဝင်သဖြင့် လွှဲပြောင်းပေးလာသူများအား Facilities Quarantine (၁၄)ရက်ကို မြို့လူထုအကူအညီဖြင့် ထားရှိခဲ့ရပြီး ဧပြီလ (၂၇)ရက်နေ့က လွှဲပြောင်းလာသည့် ပြစ်ဒဏ်စေ့ (၆၂)ဦးကို ထိုင်းနိုင်ငံဘက်တွင် (၁၄)ရက် Quarantine ထားရှိပြီးကြောင်း ထောက်ခံချက်များဖြင့် ထိုင်းဘက်က လာရောက်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မေလ (၆)ရက်နေ့၌ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၃၇)ဦးကို လွှဲပြောင်းပေးရာတွင်လည်း ထိုင်းဘက်တွင် (၁၄)ရက် Quarantine ထားရှိပြီးကြောင်း အထောက်အထားဖြင့်လွှဲပေးခြင်းဖြစ်သော်လည်း ကိုယ်အပူချိန်မြှင့်သူပါလာသဖြင့် စောင့်ကြည့်လူနာသတ်မှတ်ထားရခြင်းဖြစ်သည်။

ယနေ့ ပြန်လွှတ်လိုက်သည့် (၃၇)ဦးအတွက် ILO ပံ့ပိုးမှုဖြင့် မော်ကွမ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ရွေ့ပြောင်းအလုပ်သမားအရင်းအမြစ်စင်တာ(တာချီလိတ်)မှ ခရီးစရိတ်အဖြစ် ရခိုင်ပြည်နယ် အမ်းမြို့သို့ ပြန်မည့် တစ်ဦးအတွက် ကျပ်(၅၀,၀၀၀)နှင့် ကျန်သူများအတွက် ကျပ်(၂)သိန်းခွဲတိတိအား ပံ့ပိုးကူညီပေးကြောင်း နှင့်  နေရပ်ပြန်နိုင်ရန်အတွက် တာချီလိတ်ခရိုင်စီမံခန်ခွဲမှုကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများက ကားစီစဉ်ပေးကာ လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

အဆိုပါ (၃၇)ဦးအား တာချီလိတ်ရှိ မိုးကုတ်တရားရိပ်သာတွင် ထားရှိစဉ် ကာလအတွင်း အစားအသောက်များကို တာချီလိတ်ရှိ စေတနာရှင် အလှူရှင်များက ပါဝင်လှူဒါန်းပေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - စိုင်းအောင်ဝင်းမိုး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~