တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ Quarantine ဝင်နေစဉ် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်နှင့် အရပ်ဘက်ကျန်းမာရေးဝန်ထမ်း (၂၆)ဦး မူလတာဝန်များသို့ ပြန်လည်ထမ်းဆောင်

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ Quarantine ဝင်နေစဉ် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်နှင့် အရပ်ဘက်ကျန်းမာရေးဝန်ထမ်း (၂၆)ဦး မူလတာဝန်များသို့ ပြန်လည်ထမ်းဆောင်
မေ 13, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ Quarantine ဝင်နေစဉ် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်နှင့် အရပ်ဘက်ကျန်းမာရေးဝန်ထမ်း (၂၆)ဦး မူလတာဝန်များသို့ ပြန်လည်ထမ်းဆောင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးမှ Quarantine ဝင်နေသည့် ဝန်ထမ်းများ လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်ပြီဖြစ်၍ လာရောက်ကူညီ အင်အားဖြည့် တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်(ဆေး)နှင့် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၂၆) ဦး ၂၀၂၀ ခုနှစ်၊ မေလ (၁၃)ရက်နေ့၌ မူလတာဝန်များကို ပြန်လည်တာဝန်ထမ်းဆောင်ကြပြီ ဖြစ်ကြောင်း သိရသည်။

ဒီနေ့က ဆေးရုံက Quarantine ဝင်နေတဲ့ ကျွန်တော်တို့ ဝန်ထမ်းအားလုံးလည်း Case 112 ဆရာမကလွဲရင်ပေါ့ အားလုံး လုပ်ငန်းခွင်ပြန်ဝင်ပါပြီ။ ဆေးရုံတွင်း lock down (အဝင်အထွက်ကန့်သတ်ပိတ်ပင်ထားသည့်) လုပ်ထားတာအားလုံးလည်း ပြန်ဖွင့်လိုက်ပြီ။ ဒီကာလအတွင်းမှာ ဆေးရုံမှာ တာဝန်ယူပေးကြတဲ့ တပ်မတော်က ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း (၁၂)ယောက်အဖွဲ့ကို မြသဟာက နေထိုင်စားသောက်စရိတ် တာဝန်ယူပေးပါတယ်။ Quarantine ဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လာရောက်တာဝန်ထမ်းဆောင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ စားသောက်စရိတ်ကို Hotel Tachileik က တာဝန်ယူပေးတယ်။ ကျွန်တော်တို့ ဆေးရုံဘက်ကတော့ ကျန်းမာရေးဝန်ထမ်းတွေ နေတဲ့နေရာလောက်ပဲ တာဝန်ယူရတယ်။ အားလုံး ဝိုင်းကူညီကြလို့ ဆေးရုံဘက်က အများကြီး အဆင်ပြေသွားပါတယ်

ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် လာရောက်ကူညီကာ အင်အားဖြည့် တာဝန်ထမ်းဆောင်ခဲ့ကြသည့်  ကျိုင်းတုံမြို့ရှိ အမှတ်(၃) ခုတင်(၃၀၀)ဆံ့ တပ်မတော်ဆေးရုံမှ အထွေထွေကုသမားတော် ဗိုလ်ကြီး မျိုးထက်အောင်၊ ခွဲစိတ်အထူးကု ဗိုလ်ကြီး ဝေတိုးသူ အပါအဝင် ဆရာဝန် (၆)ဦးနှင့် သူနာပြုအရာရှိ (၆) ဦး စုစုပေါင်း (၁၂)ဦးတို့အား တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံက ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာအား မေလ(၁၃)ရက်နေ့ နံနက်ပိုင်းကပေးရာ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သော်ဇင်ဦး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တပ်မတော်မှ လာရောက်ကူညီနေသည့် အဖွဲ့အား တာချီလိတ်ဆေးရုံတွင် လာရောက်၍ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း မြသဟာဆေးရုံ(အဆွေတော်မိသားစု)က နေထိုင်စားသောက်ရေးအတွက် အဆွေတော်ဆေးခန်းနေရာတွင် တာဝန်ယူ စီစဉ်ပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မှ အတည်ပြုလူနာ Case (96) နှင့်ထိတွေ့မှုရှိခဲ့၍ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးအပါအဝင် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ Quarantine (အသွားအလာကန့်သတ်စောင့်ကြည်ြ့ခင်း) လုပ်ဆောင်ခဲ့ရသည့် အပြင် Quarantine ဝင်နေသူများမှ သူနာပြုဆရာမတစ်ဦးမှာ အတည်ပြုလူနာ (Case 112) ဖြစ်ပွား၍ နောက်ထပ် ကျန်းမာရေးဝန်ထမ်းများ ထပ်မံ၍ Quarantine ဝင်ခဲ့ရခြင်းဖြစ်သည်။

ခရိုင်ပြည်သူ့ဆေးရုံမှ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၄၂)ဦး Quarantine ဝင်နေစဉ်ကာလအတွင်း ဆေးရုံ၏ ကုသရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက တပ်မတော်ဆေးရုံမှ ဆရာဝန်နှင့် သူနာပြု (၁၂)ဦးပါအဖွဲ့ကို တာချီလိတ်ဆေးရုံသို့ စေလွှတ်ကူညီပေးခဲ့သည့်အပြင် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက မန္တလေးမှ ဆရာဝန် (၂)ဦး၊ ကျိုင်းတုံမှ ဆရာဝန် (၁)ဦးအပြင် မိုင်းလားမှ သူနာပြု(၄) ဦး၊ ဝမ်ပုံမှ သူနာပြု (၂)ဦး၊ တာလေမှ သူနာပြု (၂) ဦးနှင့် ကျိုင်းလပ်မှ သူနာပြု(၂) ဦးတို့ဖြင့် အင်အားဖြည့်တင်းပေးထားခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး Quarantine ဝင်နေသည့်ကာလအတွင်း တာချီလိတ်ခရိုင် COVID 19 ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ရေးအတွက် ပြည်နယ်ကုသရေးဦးစီးဌာန၊ ကျိုင်းတုံမြို့မှ ဒုတိယ ညွှန်ကြားရေးမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာ အောင်မြင့်ထွန်းကိုလည်း ခေတ္တတာဝန်ပေးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~