မြန်မာ - တရုတ် နှစ်နိုင်ငံကုန်သွယ်ရေး မျှတမှုရှိစေရေး အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ယူနန်ပြည်နယ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး

မြန်မာ - တရုတ် နှစ်နိုင်ငံကုန်သွယ်ရေး မျှတမှုရှိစေရေး အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ယူနန်ပြည်နယ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး
မေ 21, 2020
By Tachileik News Agency
မြန်မာ - တရုတ် နှစ်နိုင်ငံကုန်သွယ်ရေး မျှတမှုရှိစေရေး အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ယူနန်ပြည်နယ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး

ရှမ်းပြည်နယ်အစိုးရနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကုန်သွယ်ရေးဌာနတို့ ၂၀၂၀ ခုနှစ်၊ မေလ (၂၁) ရက်နေ့၌ ချင်းရွှေဟော်မြို့ မြန်မာ - တရုတ်နယ်စပ်တွင် တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ် COVID 19 ပူးပေါင်းထိန်းချုပ်ရေး အပါအဝင် ကုန်သွယ်ရေးနှင့် ဝင်ထွက်သွားလာရေးကိစ္စများကို ဆွေးနွေးကြကြောင်း သိရသည်။

တရုတ်က ဂိတ်တွေကို ပိတ်လိုက်တယ်။ ကျွန်တော်တို့ဆီက တစ်ချို့နေရာတွေမှာ  သူတို့ဆီက ကုန်စည်တွေ ဝင်ပေမဲ့ ကျွန်တော်တို့ဘက်က ထွက်ကုန်တွေ လက်မခံတဲ့ပုံစံလည်း ရှိတယ်ပေါ့နော်။ အဓိကကတော့ ကျွန်တော်တို့ဆီက တောင်သူတွေရဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ အဆင်မပြေဘူးပေါ့။ အဲဒါနဲ့ သူတို့ဘက်ကလူနဲ့သွားဆွေးနွေးရာမှာ  ကျွန်တော်တို့  တောင်းဆိုတာကတော့ နှစ်နိုင်ငံကုန်သွယ်ရေးမျှတဖို့၊ ကျွန်တော်တို့ဆီက ကုန်စည်တွေ ဝင်ခွင့်ပြုဖို့ပေါ့နော်။  ဆွေးနွေးတာက အဓိကနှစ်ဖွဲ့ပေါ့။ ပထမဆွေးနွေးတဲ့ ယူနန်ပြည်နယ်ကုန်သွယ်ရေးဌာနကတော့ သူတို့က အစိုးရဌာနဖြစ်တော့ ဗဟိုအစိုးရကို တင်ပြပေးမယ်ပေါ့။ ဒုတိယဆွေးနွေးတာကတော့ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင် ပါတီအထွေထွေအတွင်းရေးမှူးနဲ့ ဆွေးနွေးတာမှာတော့ သူကတော့  ဒုခရိုင်ကို ကျွန်တော်တို့ဆီက ချင်းရွှေဟော်နယ်စပ်ဂိတ် ကုန်သွယ်ရေးညွှန်မှူးနဲ့ အမြန်ဆုံးတွေ့ဆုံပြီး သူတို့ဘက်က လုပ်ပေးရမယ့်ဟာတွေ လုပ်ပေးပါလို့ မှာလိုက်တယ်။ ကျွန်တော်တို့ဘက်က ဒါလေးတော့ ရလဒ်တစ်ခုအနေနဲ့ ရလာတယ်လို့ ထင်ပါတယ်

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၂၁)ရက်နေ့တွင် ပြောသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့သည် သက်ဆိုင်ရာဌာနများ ပါဝင်သည့် အဖွဲ့ဖြင့် ယူနန်ပြည်နယ်ကုန်သွယ်ရေးဌာန၊ ယူနန်ပြည်နယ် လင်ချန်းခရိုင် ပါတီအထွေထွေ အတွင်းရေးမှူးတို့နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ - တရုတ်နယ်စပ်တွင် ယာယီတဲထိုး၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆွေးနွေးမှုအတွင်း နယ်စပ်တစ်လျှောက် ကူးစက်ရောဂါ COVID 19 ကာကွယ်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို ထည့်သွင်းဆွေးနွေးပြီး ယူနန်ပြည်နယ်အစိုးရက ရှမ်းပြည်နယ်အစိုးရအဖွဲ့အား နှာခေါင်းစည်း(Mask) (၁) သိန်း ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့မှစ၍ မြန်မာ - တရုတ်နယ်စပ်အဝင်အထွက်ကို  (၂)လကြာ ပိတ်လိုက်ပြီး လူအဝင်အထွက်ပြုလုပ်ခြင်းကို လုံးဝကန့်သတ်လိုက်ကာ  နယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်ခြင်း အပြင်  ခိုးဝင်ခိုးထွက် ပြုလုပ်သူများကို ထောင်ဒဏ်ချမှတ်မည်ဟုပါ ယူနန်ပြည်နယ်အစိုးရက အရေးပေါ်ညွှန်ကြားချက် ထုတ်ထားခဲ့ခြင်းဖြစ်သည်။

ပြည်ဝင်ပဲရှိတယ်။ တရုတ်ဘက်က ဂိတ်ပိတ်ထားတာကြောင့် အဝင်အထွက်ကတော့ မရှိဘူး။ ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ကြိုဆိုလက်ခံရေး ဒါတွေပဲ ပုံမှန်ဆောင်ရွက်နေပါတယ်

 ဟု မူဆယ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာက ပြောသည်။

ယင်းသို့ ပိတ်လိုက်သည့် ကာလအတွင်း ကုန်သွယ်ရေးအတွက် တရားဝင်ခွင့်ပြုထားသည့် နယ်စပ်ပေါက်များမှ  ကုန်သွယ်မှု ပြုလုပ်နိုင်သော်လည်း မြန်မာဘက်မှ ကုန်စည်ပို့သည့် ကားများကို မြန်မာဘက်မှ ယာဉ်မောင်းများဖြင့် မောင်းဝင်ခွင့်မရဘဲ  တရုတ်နိုင်ငံဘက်မှ ၎င်းတို့၏ သတ်မှတ်ယာဉ်မောင်းများဖြင့်သာ လွှဲယူမောင်းနှင်ကြခြင်းဖြစ်ရာ  မြန်မာဘက်မှ  ကုန်တင်ပို့မှုနှောင့်နှေးနေခြင်းဖြစ်ကြောင်း သိရသည်။

မန့်ဝိန်းပေါက်တို့၊ ၁၀၅ မိုင်တို့ကတော့ သူတို့ဘက်က သတ်မှတ်ထားတဲ့ တရုတ်ကားသမား (၂၀)က ဒီဘက်က ကုန်ကားတွေ မောင်းဝင်သွားတယ်။ ကားတွေ ပြန်ထုတ်လာပေးတယ် ။ ဒီဘက်ကတော့ အဝင်မခံဘူး။ အဲဒီဘက်မှာ ကုန်ကားတွေကတော့ သွားနေတယ်။ ဒါပေမဲ့ ဒီဘက် မန်ဟီးရိုးနားလေးက နယ်စပ်မှာ တစ်ချို့က အုတ်တံတိုင်းတောင် မခြားဘူး။ လယ်ပဲခြားနေတော့ အရင်က အဲဒီကနေ ကုန်စည်ရောင်းကြတာတွေရှိတယ်။ ဒါပေမဲ့ COVID 19 ကြောင့် ဟိုဘက်မှာ ကန့်သတ်လိုက်တော့ ဟိုဘက်က အဝယ်ရပ်လိုက်ပြီး ဒီဘက်ကလူလည်း လုံးဝအဝင်မခံတော့ဘူး။ မန့်ဝိန်းပေါက်က ဝင်မယ်ဆိုရင်လည်း (၇)ရက်တစ်ပတ်ကျော်အောင် စောင့်ရတာရှိတော့ တစ်ချို့တွေလည်း ဥပမာ ပြောင်းဖူးလိုမျိုး တင်တာဆို သူက နှစ်ရက်၊ သုံးရက်ဆို ခြောက်သွားပြီး စားလို့မကောင်းတော့ဘူး။ အဲဒီမှာ ဒီဘက်က ပြောင်းဖူးတင်တာတွေမျိုးဆို မတင်ကြတော့ဘဲ စိုက်ခင်းပိုင်ရှင်တွေက စားချင်တဲ့သူခူးဆိုပြီးကို ပစ်ထားလိုက်တာ။ ဒီဘက်မှာ ကျွန်တော်တို့ဆို ကိုယ့်အလုပ်သမားတွေနဲ့ အဲဒီလို စိုက်ခင်းကဟာတွေ ခူးသယ်ပြီး မူဆယ်မှာ စားချင်တဲ့သူတွေကို အခမဲ့ လိုက်ဝေပေးတာတွေ လုပ်နေကြရတယ်

ဟု မူဆယ်မြို့မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဌေးက ပြောသည်။

မြန်မာ - တရုတ် နယ်စပ်ဂိတ်များ နှစ်လကြာပိတ်မည့် ယူနန်ပြည်နယ်အစိုးရ၏ ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် နယ်စပ်တလျှောက် တရားမဝင် ဝင်ပေါက်များကိုပါ တရုတ်ဘက်က တင်းကြပ်စွာစစ်ဆေးမှုများရှိလာခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - Dr Myo Htun


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~