တာချီလိတ်မြို့နယ်အတွင်း KTV နှင့် Bar များ မဖွင့်ရန် အပါအဝင် COVID 19 ကာကွယ်ရေးဆိုင်ရာ (၁၄)ချက် ပါဝင်သည့် ဒေသန္တရအမိန့် သတ်မှတ်ရက် ထပ်တိုး

တာချီလိတ်မြို့နယ်အတွင်း KTV နှင့် Bar များ မဖွင့်ရန် အပါအဝင် COVID 19 ကာကွယ်ရေးဆိုင်ရာ (၁၄)ချက် ပါဝင်သည့် ဒေသန္တရအမိန့် သတ်မှတ်ရက် ထပ်တိုး
မေ 16, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း  KTV နှင့် Bar များ မဖွင့်ရန်  အပါအဝင် COVID 19 ကာကွယ်ရေးဆိုင်ရာ (၁၄)ချက် ပါဝင်သည့် ဒေသန္တရအမိန့် သတ်မှတ်ရက် ထပ်တိုး 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း နာရေးမှလွဲ၍ လူစုလူဝေးနှင့် ပွဲလမ်းသဘင်များ၊ သင်တန်းများ၊ ဟောပြောပွဲများ အခမ်းအနားများ မပြုလုပ်ရန်နှင့် KTV နှင့် Bar များ မဖွင့်ရန် တားမြစ်ထားသည့် ဒေသန္တရအမိန့်အား ၂၀၂၀ခုနှစ် မေလ(၃၁)ရက်နေ့အထိ တိုးမြှင့်လိုက်သည်။

နေအိမ်တွင်သာ တတ်နိုင်သမျှ နေထိုင်ကြရန်နှင့် မဖြစ်မနေ အပြင်ထွက်ရပါက Mask တပ်ဆင်ကြရန်အပါအဝင် ကူးစက်မှုမြန်ဆန်သည့် COVID-19 ရောဂါအား ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ရေး၊ အစားအသောက်ရောင်းချသည့်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့်မပြုရေး၊ လူစုလူဝေး မပြုလုပ်ရန်၊ ကေတီဗွီ၊ ကလပ်၊ ဘား၊ ဘိလိယက်ခံများ ပိတ်ထားရန်နှင့် ကုန်သည်များ ဈေးကစားရောင်းချခြင်းမပြုရန်တို့ကို ဒေသန္တရအမိန့်ဖြင့် တားမြစ်ခြင်းအား မေလ (၁၅)ရက်နေ့အထိ ထုတ်ပြန်ထားရာမှ နောက်ထပ် သက်တမ်းထပ်တိုးလိုက်ခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း COVID 19 ကာကွယ်ရေးဆိုင်ရာ အချက် (၁၄)ချက် ပါဝင်သည့်  ဒေသန္တရအမိန့်အား လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း အဆိုပါ ဒေသန္တရအမိန့်အပြင် နေ့စဉ် ည(၁၂)နာရီမှ နံနက်(၄)နာရီအထိ ညမထွက်ရအမိန့်ကိုလည်း ဇွန်လ(၂၂)ရက်နေ့အထိ ထုတ်ပြန်ထားပြီး အမိန့်ချိုးဖေါက်သူကို ထောင်ဒဏ် (၃)လ ချမှတ်အရေးယူနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~