ရှမ်းပြည်နယ်တွင်း KTV, Night Club နှင့် ဘားများ ဆက်လက် ပိတ်ထားရမည်

ရှမ်းပြည်နယ်တွင်း KTV, Night Club နှင့် ဘားများ ဆက်လက် ပိတ်ထားရမည်
မေ 28, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်း  KTV, Night Club နှင့် ဘားများ ဆက်လက် ပိတ်ထားရမည်

ရှမ်းပြည်နယ်အတွင်းမှ ဟိုတယ်နှင့် တည်းခိုခန်းများကို COVID-19 ကာကွယ်ထိန်းချုပ်‌ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပေးနေရာ ၂၀၂၀ ခုနှစ်၊ မေလ (၂၅)ရက်နေ့အထိ ဟိုတယ်အလုံးပေါင်း (၉၄)လုံး ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်သော်လည်း KTV, Night Club, Bar(ဘား)များ ဆက်လက်ပိတ်ထားရမည်ဖြစ်ကြောင်း သိရသည်။

KTV တွေ၊ Club တွေ၊ ဘားတွေကတော့ ဖွင့်ခွင့်မပေးသေးဘူး။ ဆက်ပိတ်ထားရမယ်။ ဟိုတယ်တွေ၊ တည်းခိုခန်းတွေကတော့ သူတို့ကတော့ လုပ်နေပြီးသား။ ဟိုတယ်ခရီးရယ်၊ ကျန်းမာရေးရယ်၊ အလုပ်သမားရယ်၊ စည်ပင်ရယ် (၄)ဌာနကနေ စစ်ဆေးပြီးလို့ သတ်မှတ်ချက်နဲ့ ကိုက်ညီတယ်ဆိုရင် ဖွင့်လှစ်ခွင့်ပေးဖို့ပေါ့

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း COVID 19 ကာကွယ်ရေးအတွက် ဟိုတယ်၊ တည်းခိုခန်းများကို ပိတ်ထားရာမှ ရောဂါကာကွယ်ရေးအစီအမံများဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ကို မေလ (၁၆)ရက်နေ့ကတည်းက စတင်ခွင့်ပြုလာခြင်းဖြစ်သည်။

ပြန်လည်ဖွင့်လှစ်လိုသော ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများအနေဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ လိုက်နာရန်အချက်များနှင့် COVID 19 ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ဟိုတယ်/တည်းခိုရိပ်သာများ လိုက်နာရန်အချက်များအား  ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနတို့ပါဝင်သည့် စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပြီး ခွင့်ပြုပေးနေခြင်းဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီတို့က ထုတ်ပြန်ထားသော COVID-19 ကာကွယ်၊ထိန်းချုပ်‌ရေးဆိုင်ရာ လိုက်နာရန်အချက်များကို အတိအကျလိုက်နာမည်ဖြစ်ကြောင်း ပြန်လည်ဖွင့်လှစ်သည့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းတာဝန်ရှိသူများအနေဖြင့် ခံဝန်ကတိရေးထိုးရန်လိုအပ်ကြောင်း သိရသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~